Friday, December 5, 2014

စကားထစ်လို့ ဆေးခန်းပြရင်

ဒေါက်တာ အေးမင်းထူး ခင်ဗျာ။ဆရာရေးထားတဲ့ စကားထစ်သူများအတွက် သောက်ဆေး post ထဲက ဆေးတွေက ဆေးဆိုင်မှာ
ဆရာဝန်ထောက်ခံချက်မပါပဲဝယ်လို့ရနိုင်ပါသလား။ ဒါမှမဟုတ် စိတ်ကျန်းမာရေး
ဆရာဝန် တစ်ယောက်ယောက်နဲ့တိုင်ပင်ပီး ပြကြည့်ချင်ပါတယ်။ ရန်ကုန်မှာ
ဘယ်ဆရာဝန်နဲ့ပြရင် ကောင်းပါသလဲ။ကျေးဇူးပြုပီး လမ်းညွှန်ပေးပါခင်ဗျာ။


မေးထားတာ မဖြေခင် မကြာခဏမှားတတ်တာလေးကို အရင်ရှင်းပါရစေ။ကျွန်တော့်ဘလော့ခ်မှာ ဆေးခန်းလိပ်စာရေးထားပါတယ်။ ကြေငြာဖို့ ရေးထားတာ မဟုတ်ပါဘူး။ ရန်ကုန်က လူတွေက မကြာခဏမှားတတ်ကြလွန်းလို့ သေချာရေးပေးထားတာပါ။သူတို့မကြာခဏမေးတဲ့ မေးခွန်းနှစ်ခု ရှိပါတယ်။ တခုက ဆရာ့ဆေးခန်းက ဘယ်မှာရှိတာလဲ၊ကျွန်တော်တို့ လာပြချင်လို့ပါ ဆိုသူတွေအတွက်ကော။ နောက်တခုက ဘယ်ရောဂါဖြစ်နေလို့ ရန်ကုန်က ဘယ်ဆရာဝန်နဲ့ ပြရမှာလဲဆိုတဲ့ မေးခွန်းမျိုးကိုပါ တခါတည်း ဖြေပြီးသားဖြစ်အောင် ဆေးခန်းလိပ်စာကို တင်လိုက်တာပါ။ ကျွန်တော်က မန္တလေးမှာ မွေးပါတယ်။ မန္တလေးကပဲ ဘွဲ့ရတဲ့ဆရာဝန်တယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် မေးထားတဲ့ မေးခွန်းထဲက ရန်ကုန်က ဘယ်ဆရာဝန်နဲ့ ပြရမလဲဆိုတာ မသိပါဘူး။ ပြောပြနိုင်တာတခုက ရန်ကုန်က ဘယ်စိတ်ကျန်းမာရေး ဆရာဝန်(တယောက်ယောက်)နဲ့မဆို ပြလို့ရပါတယ်။ အဆင်ပြေပါတယ်။

ဆေးအကြောင်းမေးထားတာ ပြန်သွားရရင် မြန်မာနိုင်ငံမှာဘိန်းပါတဲ့ အကိုက်အခဲပျောက်ဆေး၊စိတ်ကြွဆေးနဲ့ အိပ်ဆေးတွေကလွဲရင် ကျန်တဲ့ဆေးအားလုံး ဆေးဆိုင်တွေမှာ ဝယ်ယူလို့ ရပါတယ်။ ကျွန်တော်ရေးထားတဲ့ ဆေးတွေကလည်း ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရပါတယ်။ သတိပြုရမှာက ဘယ်ဆေးကို သောက်ရမလဲ မတူပါဘူး။ စကားထစ်စေတဲ့အကြောင်းရင်းခံ(ဥပမာ မသိစိတ်မှာ ကြောက်စိတ်ကဲတာ၊ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာ)စတာတွေ သေချာလေ့လာပြီးမှ ဆေးပေးရပါတယ်။ 

စကားထစ်သူအတွက် အမှန်တကယ်လိုတာက ဆေးမဟုတ်ပါဘူး။ စိတ်ဖြစ်ပါတယ်။ စိတ်ကို ပြုပြင်နိုင်မှ  ပျောက်ကင်းမှာဖြစ်ပါတယ်။ မှားနေတဲ့ မှားတတ်တဲ့ စကားလုံးအသွားအလာကို သေချာနားလည်ပြုပြင်ရပါတယ်။ မှားနေတာတွေကို စာအုပ်နဲ့မှတ်ပြီး သေချာပြုပြင်ရတယ်။ အဖြေရှာပြီးတာနဲ့ စကားအပြောအဆို ကိုယ်တိုင်လေ့ကျင့်မှ ရပါတယ်။ အပြောလေ့ကျင့်ပါ။ ဒီနေရာမှာ စနစ်ကျဖို့ ဆရာဝန်ရဲ့ အကူအညီလိုပါတယ်။ ပြတဲ့ဆရာဝန်ကလည်း အချိန်ပေးနိုင်ဖို့ လိုအပ်တယ်။ စိတ်ရှည်ဖို့ သည်းခံပြီး လူနာပြောသမျှ အမူအကျင့်တွေကို လေ့လာအကဲခတ်ပြီး ပြုပြင်ရေးနည်းလမ်းတွေ လုပ်မှ နည်းမှန်တယ်။ လိုအပ်မှ ဆေးပေးရပါတယ်။ ကျွန်တော်ရေးထားတာတွေက ကုသနိုင်တဲ့ဆေးဝါးတွေကိုပဲ ဖော်ပြပေးတာပါ။ generalized ယေဘုယျသဘောဖြစ်လို့ ဆေးတွေ အကုန်လုံးသောက်စရာမလိုပါဘူး။ ဒါ့ကြောင့် အကြံပေးရရင် ကိုယ့်ဘာသာဆေးတွေ ဝယ်မသောက်ပါနဲ့။ ရန်ကုန်မြို့ပေါ်က သဘောကောင်း၊မနော ကောင်း စိတ်လည်းရှည်ပြီး ကိုယ့်ကို အချိန်ပေးနိုင်မယ့် ဆရာဝန်မျိုးနဲ့ ပြကြည့်ပါ။ လူနာပေါတဲ့ဆရာဝန်မျိုးတော့ မရွေးမိစေနဲ့ပေါ့။ မန္တလေးက ဆရာဝန်တယောက်အနေနဲ့ အဝေးက ဆုတောင်းပေးရုံပဲ တတ်နိုင်ပါမယ်။ ဒါ့ကြောင့် စကားထစ်ခြင်းဘေး ကင်းဝေးနိုင်ပါစေလို့ ဆုတောင်းအပ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၅.၁၁.၁၄

No comments:

Post a Comment