Thursday, January 30, 2014

ခြေထောက်လှုပ်တဲ့ဝေဒနာ အဖြေရှာ

လူတိုင်းဟာ ညဖက်မှာ အိပ်စက်အနားယူကြပါတယ်။ သို့သော် လူတချို့ဟာ ညပိုင်းမှာ ကောင်းကောင်းအိပ်စက် အနားမယူနိုင်ကြဘူး။ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ sleep disorderခေါ်တဲ့ ကျန်းမာရေးပြဿနာတခုခုရှိလို့ပါပဲ။ ဒီထဲမှာ sleep disorderလို့ အမည်တပ်ရမယ့် ရောဂါဝေဒနာတခုက restless legs syndrome ဖြစ်ပါတယ်။ Restless legs syndromeဆိုတာ ဦးနှောက် အာရုံကြောဆိုင်ရာ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာရပ်တွေကို ဆိုလိုပါတယ်။ဒီရောဂါလက္ခဏာရှိသူအများစုဟာ ကောင်းကောင်း အိပ်စက်နိုင်စွမ်းမရှိတာကို တွေ့ရတယ်။ ညဖက်အိပ်စက်ဖို့စတင်ကြိုးစားတာနဲ့ ခြေထောက်မှာ ပုံမမှန်တဲ့ ခံစားမှုမျိုး စတင်ခံစားရတယ်။ ငြိမ်နေတာနဲ့ အမျှ ဝေဒနာက ပိုဆိုးလာတယ်။ နောက်ဆုံး ခြေထောက်ကို အငြိမ်မထားဘဲ လှုပ်ရှားကြည့်တဲ့အခါမှ သက်သာသွားတယ်။ လှုပ်ရှားတာရပ်ပြီး ပြန်အိပ်ဖို့ကြိုးစားတဲ့အခါ ဝေဒနာကပြန်ပေါ်လာတယ်။ ခြေထောက်ကို အငြိမ်မပေးဘဲ အဆက်မပြတ် လှုပ်ရှားနေရတာကြောင့်  restless legs syndrome လို့ ခေါ်ပါတယ်။ ကဗျာဆန်ဆန် "ငြိမ်ငြိမ်မနား ခြေထောက်များ၊နားနားမနေ ခြေထောက်တွေ"လို့ ကင်ပွန်းတပ်ရမလားပဲ။ restless legs syndrome(RLS)ကို primary နဲ့ secondaryဆိုပြီး နှစ်မျိုးခွဲခြားထားတယ်။ 

Primary RLSဆိုတာ
primaryအများစုဟာ အသက် ၄၀ မတိုင်မှီ အဖြစ်များကြတယ်။ ဘာကြောင့် ဖြစ်ရလဲ အကြောင်းရင်းခံကို မသိရဘူး။ ရောဂါရှိသူကို စမ်းသပ်မှုတွေ လုပ်ကြည့်တဲ့အခါ ဒိုပါမင်းဓာတ်(dopamine) ချို့တဲ့မှုနဲ့ သက်ဆိုင်တာ တွေ့ရတယ်။အသက်၂၀မတိုင်မီ ရောဂါဝေဒနာ စတင်ခံစားရတယ်။ ဖြစ်စမှာ မသိသာဘဲ တဖြည်းဖြည်းချင်း ပိုဆိုးလာတယ်။ primary RLSရဲ့ ထက်ဝက်မကဟာ မျိုးရိုးလိုက်တတ်တယ်။ လက်ရှိချိန်ထိ RLS ဖြစ်ပေါ်စေတဲ့ မျိုးရိုးဗီဇ (၄)မျိုးကို တွေ့ရှိထားတယ်။ ဒါ့ကြောင့် RLSဟာ မျိုးရိုးလိုက်တယ်လို့ သိရတယ်။

Secondary RLSဆိုတာ
အသက် ၄၀ကျော်မှ ရောဂါဝေဒနာ ခံစားရသူတွေကို secondary RLSလို့ သတ်မှတ်ပါတယ်။ လက္ခဏာက ရုတ်တရက် ပေါ်ပေါက်လာတယ်။ ဝေဒနာကို ညစဉ်ရက်ဆက်ခံစားရတယ်။ ၂၀ရာခိုင်နှုန်းဟာ သံဓာတ်ချို့တဲ့မှုနဲ့ သက်ဆိုင်တတ်တယ်။ dopamineဖြစ်စဉ်မှာ အရေးပါတဲ့ L-dopa ဖွဲ့စည်းရာမှာ သံဓာတ်ကလည်း အရေးပါတယ်။ တခါတရံ ကျောက်ကပ်ရောဂါ၊သိုင်းရွိုက်ရောဂါ၊ဆီးချိုနဲ့ ပါကင်ဆန်ရောဂါတွေမှာလည်း RLSရဲ့ လက္ခဏာတွေ တွေ့ရှိရတတ်တယ်။ ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်သေးတယ်။ စိတ်ကျဆေး၊စိတ်ငြိမ်ဆေး၊အယားပျောက်ဆေး၊အအန်ပျောက်ဆေး၊သွေးကျဆေး၊အတက်ပျောက်ဆေး၊စတီးရွိုက်ဆေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ 

RLS(သို့)Ekbom's syndrome
RLSရဲ့ လက္ခဏာတွေကို Ekbom's syndromeလို့လည်း ခေါ်ပါတယ်။ ၁၉၄၅ခုနှစ်မှာ ဆွီဒင်လူမျိုး Karl-Axel Ekbom ဆိုသူက သုသေသနစာတမ်းပြုစုရာမှာ အသေးစိတ်ဖော်ပြခဲ့တယ်။ အမှန်က ၁၆၇၂ ကတည်းက  Sir Thomas Willis က ဒီလက္ခဏာရပ်တွေစတင်ဖော်ပြခဲ့ဖူးတယ်။ ဒါ့ကြောင့် Willis-Ekbom disease (WED)လို့လည်း ခေါ်နိုင်ပါတယ်။ လေ့လာမှုတွေအရ လူ၁၀ယောက်မှာ တယောက်ဟာ RLSဖြစ်နိုင်တယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။ ကိုယ်ဝန်ဆောင် ၅ယောက်မှာ တယောက်ဟာ ဒီရောဂါမျိုး ဖြစ်နိုင်ချေရှိတယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံးလတွေမှာ ဝေဒနာခံစားရသူတွေဟာ ကလေးမွေးဖွားပြီးနောက်ပိုင်း ပြန်ပျောက်သွားတယ်။ ၂၀၀၅ခုနှစ်လေ့လာမှုအရ ADHD ရောဂါအခံရှိသူမှာလည်း RLSလက္ခဏာတွေ တွေ့ရတတ်တယ်။


RLSရဲ့ လက္ခဏာရပ်များ
RLSရဲ့ လက္ခဏာတွေဟာ ထူးခြားတယ်။ နေ့ပိုင်းမှာ မတွေ့ရဘဲ ညပိုင်းမှာသာ တွေ့ရတယ်။ အထူးသဖြင့် အာရုံကြောတွေ ဖြေလျှော့အနားယူတဲ့အချိန်မျိုးမှာ ပိုတွေ့ရတယ်။ အိပ်ဖို့ကြိုးစားတဲ့အခါ ခြေထောက်မှာ ပုံမမှန်တဲ့ခံစားမှု၊အမျိုးအမည်မသိတဲ့ ဝေဒနာ စတင်ခံစားရတယ်။ အများစုဟာ သူတို့ခံစားရတဲ့ဝေဒနာကို အမည်မဖော်တတ်ကြဘူး။တချို့က ခြေသလုံးအတွင်းပိုင်းထဲက နာပြီး ကိုက်တယ်လို့ဆိုကြတယ်။ တချို့က ယားသလို၊အကောင်လေးတွေ တက်နေသလို၊အပ်နဲ့ ခပ်ဆွဆွထိုးထားသလို၊တခုခုနဲ့ ဆွဲထားသလို အတိအကျမရှိတဲ့ဝေဒနာစတင် ခံစားရတယ်။ ဒီဝေဒနာသက်သာစေဖို့ ဖြစ်တဲ့ခြေထောက်တွေကို လှုပ်ရှားပေးရတယ်။  ဖြစ်လာတဲ့အခါ လမ်းလျှောက်ခြင်း၊နှိပ်ပေးခြင်း၊ကြွက်သားကို တင်းစေပြီး သက်သာစေရတယ်။ သက်သာပြီးနောက်ပိုင်း ခြေထောက်ကို အနားပေးလိုက်ရင် ပြန်ဖြစ်ပြန်တယ်။ ပိုဆိုးတဲ့ရောဂါဝေဒနာရှင်တွေဟာ နေ့ခင်းပိုင်းတွေမှာလည်း ဒီလိုလက္ခဏာမျိုး ခံစားရတယ်။ အများစုဟာ ခြေထောက်နှစ်ဖက်လုံးမှာ ဝေဒနာခံစားရတယ်။ လူတချို့ဟာ ခြေထောက်သာမက လက်နှစ်ဖက်မှာပါ တွေ့ရတယ်။ ရောဂါရှိသူ လေးယောက်မှာ သုံးယောက်ဟာ အိပ်နေစဉ် ခြေထောက် လှုပ်ရှားခြင်း(periodic limb movements of sleep)ရှိတတ်ကြတယ်။ ဒီလှုပ်ရှားမှုကြောင့် မိမိ(သို့)အဖော်ဖြစ်သူပါ အိပ်ရာကနေ ရုတ်တရက် နိုးလာတတ်တယ်။ နိုးနိုးလာခြင်း အငြိမ်မနေနိုင်ဘဲ ခြေထောက်ကို လှုပ်ရှားပေးရတယ်။ ရောဂါခံစားရသူတချို့ဟာ လှုပ်နေရတာကြောင့် မောပန်းလာတယ်။ နေ့စဉ်ရက်ဆက် ခံစားရတဲ့အခါ အိပ်ရေးပျက်များပြီး နေမကောင်းတာ၊အားယုတ်တာ ဖြစ်လာတယ်။ အိပ်ရေးပျက်များလာတော့ စိတ်ဂဏှာမငြိမ်ဖြစ်တာ၊စိတ်ကျရောဂါတွေထိ ခံစားလာပြီး လူနေမှုဘဝကိုပါထိခိုက်စေတယ်။

ဘယ်လိုသိနိုင်လဲ
စမ်းသပ်စစ်ဆေးနိုင်တဲ့ test မျိုးမရှိသေးတာကြောင့် လက္ခဏာရပ်ပေါ် မူတည်ပြီး ခွဲခြားရတယ်။ အောက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေရှိရင် ရောဂါရှိတယ်လို့ သတ်မှတ်ပါတယ်။
၁။လက္ခဏာကို နေ့ပိုင်းမှာ မတွေ့ရဘဲ ညဖက်အိပ်ချိန်၊တနည်းအားဖြင့် လှုပ်ရှားမှုမရှိဘဲ စိတ်ကို ဖြေလျှော့ထားတဲ့အခါမျိုးမှာမှာ အဓိကတွေ့ရတယ်။
၂။ဖြစ်တဲ့ခြေ(သို့)လက်မှာ ထုံတာ၊နာတာ၊ကျင်တာ၊တစစ်စစ်နဲ့ စပ်ဖျဉ်းဖျဉ်းစတဲ့ ပုံမမှန်တဲ့ ခံစားမှုမျိုးဖြစ်လာတယ်။ 
၃။လှုပ်ရှားမှုမရှိဘဲ ငြိမ်နေရင် ဝေဒနာက ပိုဆိုးလာတယ်။
၎။ဖြစ်တဲ့ခြေ(သို့)လက်ကို လှုပ်ရှားကြည့်တဲ့အခါ သက်သာလာတာ တွေ့ရတယ်။

ကာကွယ်ခြင်းနှင့် ကုသခြင်း
ဖြစ်စေတဲ့အကြောင်းခံကို တိတိကျကျမသိရလို့ ကာကွယ်ဖို့ မဖြစ်နိုင်ဘူး။ ကုသတဲ့အခါ ရောဂါလက္ခဏာပေါ်မူတည်ပြီး ကုသရတယ်။ သံဓာတ်အားနည်းရင် သံဓာတ်ပြန်ဖြည့်ပေးရတယ်။ ဆေးကြောင့်ဖြစ်ရင် ဆေးဖြတ်ပေးရတယ်။အကယ်၍ ဝေဒနာကို ခံနိုင်ရည်ရှိနေရင် ကုသဖို့ မလိုအပ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကုသမှုဟာ ခံစားရတဲ့ဝေဒနာကို သက်သာစေဖို့သာ ဖြစ်လို့ပါ။ အဓိကအသုံးများတဲ့ဆေးတွေက ဦးနှောက်dopamine levelများစေတဲ့ Dopamine agonists ဆေးတွေ ဖြစ်ပါတယ်။ pramipexole၊ropinirole၊rotigotine၊carbidopa/levodopa စတဲ့ဆေးတွေ သုံးကြည့်တဲ့အခါ ရောဂါလက္ခဏာသက်သာစေတာ တွေ့ရတယ်။ တခြားအသုံးပြုနိုင်တဲ့ဆေးတွေလည်း ရှိသေးတယ်။ အတက်ပျောက်ဆေး(carbamazepine, gabapentin, pregabalin)၊ဘိန်းကထုတ်တဲ့ methadone၊စိတ်ငြိမ်ဆေး(benzodiazepines) စတဲ့ ဆေးတွေလည်း အသုံးပြုနိုင်တယ်။ 

ယာယီသက်သာစေသော နည်းလမ်းကောင်းများ
-ဖြစ်စမှာ လမ်းလျှောက်ကြည့်ပါ
-ရေနွေးထဲစိမ်ပြီး ရေချိုးကြည့်ပါ
-ခြေထောက် လေ့ကျင့်ခန်းလုပ်ပါ
-ခြေသလုံး၊ပေါင်၊တင်ပါးဆုံလေ့ကျင့်ခန်း လုပ်ဆောင်သင့်တယ်
-ခြေထောက်တွေကို နှိပ်ပေးနိုင်တယ်
-အကိုက်အခဲပျောက်ဆေးတမျိုးမျိုး သောက်ကြည့်ပါ
-တခြားအာရုံစိုက်ရတဲ့အရာတခုခုနဲ့ စိတ်ပြောင်းကြည့်ပါ

ဒေါက်တာအေးမင်းထူး
Health Care Journal(31.1.14)

No comments:

Post a Comment