Wednesday, April 24, 2013

လေးဖက်နာ အဆစ်ရောင်ရောဂါ

 အဆစ်ရောင်ဖြစ်စေတဲ့ရောဂါတွေထဲမှာ လူကိုဒုက္ခပေးနိုင်တဲ့ အဆစ်ရောင်ရောဂါတမျိုးဖြစ်ပါတယ်။ လေးဖက်နာဆိုတာ မြန်မာစကားမှာ အတော်အသုံးများပါတယ်။ ဘာဖြစ်ဖြစ်၊ဟုတ်ဟုတ် မဟုတ်ဟုတ် ခြေဆစ်လက်ဆစ်လေးများနာရင် လေးဖက်နာလိုက်ကြတာပဲ မဟုတ်လား။ အမှန်ပြောရရင် လေးဖက်နာမှာကို ဆရာဝန်တွေ အတော်ကြောက်ကြတယ်။ လေးဖက်နာဆိုတဲ့ ခေါငိးစဉ်အောက်မှာပဲ  ရောဂါတွေ မတူညီကြသလို ကုသပုံလဲ သိသိသာသာကွဲပြားသွားလို့ ဖြစ်ပါတယ်။ သူတို့က လေးဖက်နာဆိုလိုက်ပေမယ့် ဆရာဝန်လုပ်သူက လေးဖက်မကအောင် စမ်းသပ်ရ ကြည့်ရှုရတယ်။ လိုအပ်ရင် သွေးဖောက်၊ဆီးစစ် လုပ်ရတယ်။ ထပ်လိုရင် ဓာတ်မှန်၊အက်ထရာဆောင်း ရိုက်ရတယ်။ လေးဖက်နာ အဖျားရောဂါလား၊လေးဖက်န
ာ အဆစ်ရောင်လား၊ဂေါက်လား၊ကျီးပေါင်းလား ။ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ SLEတို့လို တခြားautoimmuneတွေကိုလဲ ကြည့်ရသေးတယ်။အခြေအနေသိအောင် မကြာခဏ စစ်ဆေးရပြန်တယ်။ ဒီထဲမှာ အဆိုးဆုံးက rheumatoid arthritisခေါ်တဲ့ လေးဖက်နာ အဆစ်ရောင်ရောဂါ။တခါဖြစ်ပြီးရင် မကြာခဏ ပြန်ဖြစ်တတ်တယ်။ တခါထက်တခါ ပိုပိုဆိုးလာမယ်။ နောက်ဆုံးမှာ အရိုး၊အကြော၊အဆစ်ပျက်ဆီးပြီး မသန်မစွမ်းထိ ဖြစ်သွားနိုင်တယ်။ အဆစ်တင်ရောင်တာလားဆိုတော့ မဟုတ်ဘူး။တကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းတွေပါ ရောင်ပြီး ပျက်ဆီးတတ်တယ်။

လေးဖက်နာ အဆစ်ရောင်လို့ ဘာလို့ခေါ်သလဲ။
အဓိကအားဖြင့် အဆစ်ကို ထိခိုက်ပျက်ဆီးစေလို့ပါ။ဒီအဆစ်ရောင်တဲ့ပုံစံက  လေးဖက်နာ အဖျားရောဂါ(acute rheumatic fever)မှာ ဖြစ်တဲ့ အဆစ်ရောင်ပုံနဲ့ဆင်တူလို့ဆိုပြီး  rheumatoid arthritisလို့ ခေါ်ပါတယ်။rheumatoidမှာပါတဲ့ "oid"ဆိုတာ resemble "ဆင်တူတယ်"ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။rheumatoid arthritis ဆိုတဲ့ အမည်ကို ဗြိတိန်လူမျိုးဆရာဝန် Dr. Alfred Baring Garrodဆိုသူက ၁၈၅၉ခုနှစ်မှာ စတင် သုံးစွဲခဲ့ပါတယ်။  

ဘာကြောင့် လေးဖက်နာ အဆစ်ရောင်ရသလဲ။
ဘာကြောင့်ဖြစ်မှန်း ယနေ့အချိန်ထိ အတိအကျ မသိရသေးဘူး။ ခုခံအားစနစ်က အချင်းချင်းပြန်တိုက်လို့ ဖြစ်တယ်လို့သာ ယူဆကြတယ်။ သီအိုရီအရ အဆစ်ထဲမှာ ရှိတဲ့ synovium membrane က ရောင်တဲ့အတွက် အရည်တွေပိုမိုထုတ်လုပ်ပေးတယ်။ ထုတ်တဲ့အရည်တွေကြောင့် အဆစ်ဟာတဖြည်းဖြည်းရောင်လာတယ်။ ဖောင်းလာတယ်။ နာလာမယ်။ တင်းလာမယ်။တော်တော်ကြာကြာဖြစ် ပြီးရင် ပြန်သက်သာ သွားတတ်တယ်။ ပျောက်ပြီးရင်လည်း ဝမ်းသာလို့မရဘူး။အဆစ်ရောင်တာက တခါပြန်ပေါ်လာတတ်တယ်။ အဆစ်တင်မက အခြားအဂါင်္အစိတ်အပိုင်းတွေပါ လိုက်ရောင်တတ်တယ်။ မကြာခဏဖြစ်လာရင် အဆစ်တွေတဖြည်းဖြည်း ပျက်ဆီးလာတယ်။ ပုံမှန်အလုပ်တွေမလုပ်နိုင်ပဲ မသန်မစွမ်းနဲ့ ဒုက္ခိတဘဝမျိုးထိ ရောက်သွားတတ်တယ်။ ဒါ့ကြောင့်ဒီလို လေးဖက်နာ အဆစ်ရောင်တာမျိုးကို အထူးဂရုစိုက်ကုသပေးရတယ်။ စောစောသိဖို့လိုသလို စောစောကုသဖို့လည်း အရေးကြီးသေးတယ်။

လေးဖက်နာ အဆစ်ရောင်ခြင်း(rheumatoid arthritis)ရဲ့ လက္ခဏာရပ်တွေက ဘာတွေလဲ။
Polyarthritis အဆစ်တွေတခုထက်မက ရောင်ရမ်းမယ်။လက်ချောင်း၊ခြေချောင်း၊လက်ကောက်ဝတ်စတဲ့ အဆစ်သေးလေးတွေ စတင်ရောင်မယ်။ ပူတာ၊တင်းတာ ၊လှုပ်ရှားလို့မကောင်းပဲ ရှိတတ်တယ်။ အထူးသဖြင့် မနက်အိပ်ရာထတွေမှာ ပိုဆိုးတတ်တယ်။ အခြားအဆစ်တွေမှာလည်း တပြိုင်နက် ဖြစ်နိုင်တယ်။ သိပ်ဆိုးရင် ပခုံးဆစ်၊တံတောင်၊ဒူးဆစ် စတာတွေပါ ဖြစ်လာမယ်။ ဖြစ်နေတုန်းမှာ ငွေ့ငွေ့ဖျားတာ၊အစားအသောက်ပျက်၊အားအင်ကုန်ခမ်းတာ ရှိနိုင်တယ်။ ဖြစ်တာကြာလာရင် နှလုံးရောင်တာ၊အဆုတ်ရောင်တာ၊မျက်စိရောင်တာတွေပါ လိုက်လာတတ်တယ်။ သွေးကြောမျှင်တွေရောင်မယ်။ သွေးအားနည်းလာမယ်။ rheumatoid noduleခေါ်တဲ့ အလုံးအကျိတ်တွေ ရောင်နေတဲ့အဆစ်နားတဝိုက်ဖြစ်လာရင် ရောဂါပိုဆိုးတယ်လို့ သိနိုင်တယ်။ ပျက်ဆီးတာ ပိုမြန်မယ်။ ဖြစ်တာကြာလာရင် အဆစ်တွေပုံမှန်မလုပ်နိုင်တော့ပဲ ပျက်ဆီးလာတော့တယ်။ 

ဘယ်လိုလူတွေမှာ အဖြစ်များလဲ။
အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆလောက် ပိုမို ဖြစ်ကြတယ်။ အများအားဖြင့် အသက်၃၀-၆၀အတွင်း အဖြစ်ကြတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ၀.၅-၁ရာခိုင်နှုန်းလောက်ထိ အတွေ့များတယ်။မျိုးရိုးလိုက်တတ်တယ်လို့ဆိုပါတယ်။ ဆေးလိပ်သောက်တတ်သူတွေဟာ သိသိသာသာအဖြစ်များတာ တွေ့ရတယ်။herpes virus၊Epstein-Barr virusဗိုင်းရပ်စ်ပိုးအချို့နဲ့လည်း ဆက်စပ်နေတတ်ပြန်တယ်။ဗီတာမင် ဒီချို့တဲ့သူတွေကိုလည်း risk factorထဲမှာ ထည့်ထားသေးတယ်။

ဘယ်လိုစစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်လဲ။
 သွေးစစ်၊ဆီးစစ်လုပ်ရတယ်။ တခြားရောဂါတွေအတွက်ပါ စိတ်ချစေဖို့ စစ်ဆေးရတယ်။ RF(rheumatoid factor)ရှိ၊မရှိ စစ်ရတယ်။၈၀ရာခိုင်နှုန်းလောက်က positiveပြမယ်။ မရှိတိုင်းလည်း မဟုတ်ပါဘူး မငြင်းနိုင်သလို ရှိတိုင်းလည်း သေချာပါတယ် မဟုတ်ပြန်ဘူး။တီဘီရောဂါသည်တွေ၊အသည်းရောင် စီ ပိုးရှိသူတွေမှာ လည်း အပေါင်းပြတတ်တယ်။ဖြစ်နေစဉ် စစ်ကြည့်ရင် ESR(သို့) CRPတမျိုးမျိုးများရဦးမယ်။ASO စစ်ကြည့်ရင် ပုံမှန်လောက်သာတွေ့ရတယ်။ သွေးအားနည်းတာ၊သွေးဖြူဥပမာဏနည်းတာရှိရင် ရောဂါနဲ့ ပိုမိုနီးစပ်တယ်။ သွေးခဲစေတဲ့ သွေးဥမွှားတွေ များနေတတ်တယ်။နောက်ပိုင်းမှာ anti-CCP(cyclic citrullinated peptite Ab)ဆိုတာ စစ်ရင်ပိုသေချာတယ်လို့ ဆိုလာပြန်တယ်။၇၀ရာနှုန်းလောက် မှန်ကန်တယ်။ကောင်းတဲ့အချက်က positiveပြရင် RAဖြစ်ဖို့ ပိုမိုသေချာတယ်။ specificityက ၉၅ရာနှုန်းထိရှိတယ်။လိုအပ်ရင် X rayဓာတ်မှန်ရိုက်ခိုင်းရတယ်။ မကောင်းတဲ့အချက်က သိပ်ဆိုးတဲ့ အခါမှသာ ဓာတ်မှန်မှာ သိသာလိမ့်မယ်။အဆစ်တွေပျက်ဆီးနေတာကို ဓာတ်မှန်မှာ မြင်နိုင်တယ်။ စောစောသိချင်ရင် X-ray ကို အားကိုးလို့လည်း မရဘူး။ တချို့က high frequency ultrasound ၊MRI  ရိုက်ခိုင်းတယ်။ပိုသေချာချင်ရင် anti-MCV ဆိုတာ စစ်နိုင်တယ်။ RFနဲ့ ပေါင်းစစ်ရင် အဖြေပိုမှန်တယ်။specificity ၉၉ရာခိုင်နှုန်းရှိတယ်။ ရောဂါသေချာဖို့ အမှတ်ပေးစနစ်နဲ့ ခွဲခြားတဲ့ criteriaအသစ်တွေနဲ့ တွက်ချက်နိုင်တယ်။

ဖြစ်လာရင် ဘယ်လိုကုသကြသလဲ။
လက်ရှိသုံးစွဲနေတဲ့ဆေးတိုင်းဟာ လုံးဝပျောက်ကင်းအောင် မစွမ်းဆောင်နိုင်သေးဘူး။လက္ခဏာသက်သာအောင် ၊ပိုမဆိုးအောင်တော့ ကူညီပေးနိုင်ပါတယ်။ အဆစ်ရောင်တာ သက်သာစေဖို့ သောက်ဆေး၊ထိုးဆေး ပေးပြီး ကုသကြရတယ်။ NSAIDအကိုက်အခဲပျောက်ဆေး ပေးပြီးသက်သာစေတယ်။ ibuprofen၊naproxen ၊aspirin၊ketorolac စတာတွေကို လူနာပေါ်မူတည်ပြီး သုံးစွဲပေးရတယ်။ အစာအိမ်ရောဂါရှိသူတွေကို အစာအိမ်ဆေးနဲ့တွဲပြီး ပေးရတယ်။ celecoxib လိုအကိုက်အခဲပျောက်ဆေးတွေကို အစာအိမ်ဆေးမလိုပဲ ပေးနိုင်တယ်။ သို့သော် နှလုံးဖြစ်နိုင်ချေမှာတော့ သိသိသာသာကွာခြားခြင်း မရှိတာတွေ့ရတယ်။ သိပ်ဆိုးရင် steroid သောက်ဆေး၊ထိုးဆေး ရေတိုပေးနိုင်တယ်။ အသားဆေး၊အကြောဆေးသာမက လိုအပ်သေးရင် အဆစ်ထဲထိထိုးပေးနိုင်တယ်။ ရေရှည်သုံးစွဲကြည့်တဲ့အခါ ရေတိုပေးတာလောက် အကျိုးဖြစ်ထွန်းတာ မတွေ့ရဘူး။ ဘေးထွက်ဆိုးကျိုးတွေသာ ပိုလို့ခံစားရတယ်။ရူမက်တစ်အဆစ်ရောင်အတွက် သီးသန့်ပေးတဲ့ DMARDs(disease-modifying anti-rheumatic drugs)ဆိုတာတွေဟာ ရောဂါကို သိသိသာသာသက်သာစေတယ်။ ကောင်းသလို ဘေးထွက်ဆိုးကျိုးလဲ များတယ်။methotrexate,sulfasalazine,hydroxychloroquine,gold injection,azathioprine,leflunomide စတဲ့ဆေးအမျိုးမျိုးရှိကြတယ်။ ဆေးတခုနဲ့တခု မတူညီကြဘူး။ နေ့စဉ်သောက်ရတာဖြစ်နိုင်သလို အပတ်ခြားပြီးသောက်ရ၊ထိုးရတာလည်း ဖြစ်နိုင်တယ်။ တချို့ရာသက်ပန်သောက်ရတာမျိုးထိ ရှိတတ်တယ်။ တချို့ဆေးတွေဟာ ခုခံအားကို ကျဆင်းစေတယ်။ သွေးမကြာခဏစစ်နေဖို့လိုတယ်။ မကြာခဏဖျားတာ၊လည်ချောင်းနာ၊အနီစက်ပေါက်တာရှိရင် ပြန်လာပြဖို့ တခါတည်းမှာရတယ်။ ရေရှည်စွဲသောက်ရသလို ဘေးထွက်ဆိုးကျိုးတွေကလည်း ပြင်းထန်လှတယ်။ ဥပမာ methotrexate လိုဆေးမျိုးသောက်နေစဉ် ကိုယ်ဝန်မဆောင်သင့်ဘူး။ မွေးလာတဲ့ ကလေးငယ်မှာ ချို့ယွင်းတာ ရှိတတ်တယ်။ ဆေးသောက်နေစဉ် တားနည်းတမျိုးမျိုးသုံးနေရတယ်။ ကလေးယူချင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုဖြတ်ရတယ်။ လေ့လာမှုတခုအရ ကိုယ်ဝန်ဆောင်စဉ်အတွင်း လေးဖက်နာ အဆစ်ရောင်ဖြစ်နှုန်းဟာ သိသိသာသာကျဆင်းကြောင်း တွေ့ရတယ်။ သို့သော် ကလေးမွေးပြီးတာနဲ့ ပြန်ဖြစ်လာနိုင်တယ်။ နောက်ဆုံးပေါ် အသုံးပြုနိုင်တဲ့ဆေးက biological therapy ခေါ်တဲ့ ဆေးတွေပါ။ နောက်ဆုံးပိတ်ဆေးလို့လဲ ခေါ်နိုင်တယ်။DMARDs ပေးလို့ မသက်သာသူတွေမှာ သုံးစွဲနိုင်တယ်။ ပျောက်ကင်းတာ ပိုမြန်သလို ပိုအကျိုးရှိတာ တွေ့ရတယ်။etanacept,infliximab,adalimumab,golimumab,rituximab,anakinra,abatacept အစရှိသဖြင့် အမျိုးမျိုးရှိကြသေးတယ်။ rheumatoid arthritisလေးဖက်နာ အဆစ်ရောင်အတွက် တမျိုးမကတဲ့ ဆေးတွေကို combinationပေါင်းစပ်သုံးစွဲတဲ့အခါ ပိုမိုအကျိုးရှိတာတွေ့ရတယ်။biological therapyကို ကိုယ်ဝန်ဆောင်တွေမသုံးစွဲသင့်ဘူး။ကိုယ်ဝန်ဆောင်နေစဉ် လေးဖက်နာဖြစ်တဲ့အခါ prednisone low doseပေးနိုင်တယ်။ဆေးကျပ်စီးနိုင်တယ်။ အဆစ်တွေဆိုးလာပြီး ပုံပျက်ပန်းပျက် အလုပ်မလုပ်နိုင်ရင် အဆစ်ကိုခွဲစိတ်ပြီး ကုသရတယ်။ အဆစ်အစားထိုးမယ်။ ခွဲပြီးရင် physiotherapy လိုလာပြန်တယ်။

လေးဖက်နာ အဆစ်ရောင်သူတွေ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ တိုက်တွန်းကြတယ်။ စက်ဘီးစီး၊ လမ်းလျှောက်တာလဲ လုပ်သင့်တယ်လို့ ညွှန်းတယ်။
ရေကူးဖို့ အားပေးတယ်။
 hydrotherapy ဆိုတာ ရေပူစမ်း(သို့) ရေနွေးကန်ထဲမှာ လေ့ကျင်းခန်းလုပ်တာကိုခေါ်တယ်။
 အဆီနဲ့နှိပ်တာ၊အပ်စိုက်ကု၊ဟိုမီယိုပက်သီ စတဲ့နည်းတွေလည်း စမ်းကြည့်နိုင်တယ်လို့ ဆိုပါတယ်။ 

နာတာရှည်ရောဂါဖြစ်လို့ အစားအသောက်၊အနေအထိုင်ပါ ဆင်ခြင်နိုင်ရတယ်။ဒီထဲမှာ ဆေးလိပ်သောက်တာအဆိုးဆုံးပဲ။
 ပြည့်ဝဆီတွေ ရှောင်နိုင်သင့်တယ်။
 နီတဲ့အသားရှောင်နိုင်ရင် ပိုကောင်းတယ်။
 ခရမ်းချည်သီးကပိုဆိုးစေတာ နောက်ပိုင်းမှာ လက်မခံကြတော့ဘူး။
 ဆော်လမွန်ငါးလို  omega 3ပါတာက ရောင်ရမ်းခြင်းကို လျှော့နည်းစေမယ်။ 
အမျိုးသမီးတွေ ရာသီအတွက်ပေးတဲ့ ညနေခင်းနှင်းဆီ evening primrose oilက သက်သာစေတယ်။
နနွင်းထဲမှာ ပါတဲ့ curcuminဓာတ်က အရောင်ကျစေတယ်။ 
vitamin Cကို ပမာဏများများပေးရင် အဆစ်အမြစ် ရောင်သူတွေအတွက် အကျိုးရှိတယ်။ ဆီးကျောက်တည်တတ်တာကြောင့် နေ့စဉ်သုံးဖို့ ပြန်ချိန်သင့်တယ်။ 
ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ဆေးတွေက အရိုးပွတာကို သက်သာစေမယ်။ 

လေးဖက်နာ အဆစ်နာဟာ လုံးဝပျောက်ကင်းဖို့ ခဲယဉ်းတယ်ဆိုပေမယ့် ပိုဆိုးမလာအောင် ကုသနိုင်တဲ့ဆေးတွေတော့ ရှိနေပါပြီ။ဖြစ်သူတွေထဲမှာ ၂၀ရာခိုင်နှုန်းဟာ ကုသဖို့မလိုအပ်လို့ ကံကောင်းသူတွေပါ။၇၅ရာခိုင်နှုန်းဟာ ကုသဖို့လိုအပ်ပေမယ့် သိပ်မဆိုးကြဘူး။ ကံဆိုးသူတွေက အယောက်၂၀မှာ ၁ယောက်ပါ။ မသန်မစွမ်းဖြစ်နိုင်သလို သေချာကုသဖို့ လိုအပ်ပါတယ်။ စနစ်တကျကုသရင် ပိုဆိုးမလာအောင်တော့ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
Health Care Journal(26.4.13)



2 comments:

  1. ကျွန်မအသက်က34နှစ်ရှိပါပြီ လက်ကောက်ဝတ်နားနာနေတာ 9လပိုင်း 2013ကတည်းက
    ဆေးထိုးဆေးစားခဲ့ပါတယ်
    1လပိုင်းမှာမနက်အိပ်ယာထချိန် မှာ လက်ဆစ် လက်မောင်းတွေ ခြေဆစ်ခြေသလုံးတွေ တောင့်တင်းပြီး အဆစ်တွေနာနေတာ
    ပုံမှန်ဖြစ်ဖို့1နာရီကြာတယ် ခြေချောင်းအောက်ဖဝါးက ထောက်လိုက်ရင်နာနေတာ
    ဆရာဝန်သွားပြတော့ leflunomide 1od 6လသောက်ခိုင်းတယ် ဒါပေမဲ့ ကျွန်မအဲဒီဆေးရဲ့side effect ကိုသိတော့ ဆက်မသောက်ရဲတော့ဘူး ရပ်လိုက်ပြီး celecoxib တို့ aceclofenac တွေသောက်တော့ သက်သာတယ် ဒါပေမဲ့ အခု 5လပိုင်း 2ရက်နေ့မှာ ပြန်ဖြစ်လာတယ် ဒီတစ်ခေါက်က ဂုတ်ရိုးနားပါ ပူပြီးနာလာတယ်
    နုတ်ခမ်းပြာပြီးချောက်နေတာကတော့ကြာပြီ
    အစားတော့မရှောင်ဖြစ်ဘူး ။မနေ့ညက သရက်သီးအစိမ်းတစ်လုံးကို အကုန်စားမိပါတယ်။မနက်ကျတော့နာရော၊အခုကျောလယ်နားအောင့်နေတယ်၊ ရင်ဘတ်လည်းနဲနဲအောင့်နေတယ်ကျွန်မ ကိုလူဗိုလ်ပို့တဲ့ လေးဘက်နာအကြောင်းဖတ်တော့ leflunomide သောက်ပြန်ရင်လဲ side effect ကြောက်တယ် မသောက်ပြန်တော့လည်း organsတွေရောင်ပြီး ပျက်ဆီးမှာလဲကြောက်တယ် ဘာလုပ်လို့ဘာလုပ်ရမှန်းမသိတော့ပါဘူး
    ကျွန်မ OSA က normal RA က positiveတဲ့၊uric acid လည်း normal ESRစစ်တော့25mm/1hrတဲ့
    ဘာဆက်လုပ်သင့်တယ်ဆိုတာ ကူညီပေးပါရှင်။

    Chaw Su TGI
    Chaw Su TGI

    ReplyDelete
    Replies
    1. ကွန်မင့်အောက်မှာ အဖြေခက်တဲ့အတွက် စာတပုဒ်ထပ်ရေးထားပါတယ်။ အဖြေကို ဆေးဝါးကမ္ဘာဘလော့ခ်လိပ်စာ www.medicineworldforall.blogspot.com အောက်က Leflunomide ခေါင်းစဉ်မှာ ဖတ်ပေးပါ။ကွန်မင့်မှာ ဖြေရတာ အဆင်မပြေတဲ့အတွက် အသေးစိတ်သိနိုင်အောင် ခေါင်းစဉ်တပုဒ်ခွဲထားတာ ဖြစ်ပါတယ်။ အကြံပြုချက်ကိုပါ ထည့်ပေးထားပါတယ်။ မေးသူအတွက် ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

      Delete