Wednesday, April 24, 2013

24hour urinary VMA ဆိုတာ

-VMAဆိုတာ Vanillyl Mandelic Acidရဲ့ အတိုကောက် စာလုံးဖြစ်ပါတယ်။
-ပုံမှန်အားဖြင့် ကျောက်ကပ်အထက် ကပ်လျက်တည်ရှိတဲ့ အက်ဒရီနယ်ဂလင်း(adrenal gland)ကနေ catecholamine  ဆိုတဲ့ ဟော်မုန်းတွေထုတ်လုပ်ပါတယ်။
-catecholamine ဆိုတာ dopamine,epinephrine,norepinephrineစတဲ့ ဟော်မုန်းတွေ ကို ခေါ်ပါတယ်။
-ဇီဝဖြစ်ပျက်မှုသဘောအရ ဟော်မုန်းတွေဟာလည်း ပြင်ပကိုစွန့်ထုတ်ဖို့ ပျက်ဆီးပြိုကွဲပေးရပါတယ်။
-အဲလိုပြိုကွဲပြီး ထွက်လာတဲ့အကြွင်းအကျန်ပစ္စည်းကို  စွန့်ပစ်ပစ္စည်းmetabolite ခေါ်ပါတယ်။ 
-အသုံးမဝင်တဲ့ metaboliteပစ္စည်းတွေကို ဆီးထဲကတဆင့် စွန့်ထုတ်ပြစ်ရတယ်။

ဘယ်လိုပစ္စည်းတွေ ဆီးထဲကနေ စွန့်ထုတ်ပစ်သလဲ။
-dopamineကနေ homovanillic acid(HVA)အဖြစ် ပြောင်းလဲပြီး စွန့်ထုတ်တယ်။
-epinephrine ကတဆင့် metanephrine နဲ့ VMAအဖြစ် ပြိုကွဲသွားတယ်။
-norepinephrine ကနေ normetanephrine နဲ့ VMAအဖြစ် ပြိုကွဲမယ်။
ဒါ့ကြောင့် VMAဆိုတာ epinephrine နဲ့ norepinephrine တွေ ပြိုကွဲမှုက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်း တမျိုးပါပဲ။

ဆေးပညာအရ ဆီးထဲမှာရှိတဲ့ VMAပမာဏ စစ်ခြင်းကြောင့် ဘာတွေသိနိုင်သလဲ။
-catecholamine ဟော်မုန်းထုတ်နေတဲ့ အလုံးအကျိတ် ရှိ၊မရှိ သိနိုင်တယ်။
-ဒီလိုရောဂါတွေ ဆေးကုသတဲ့အခါ response တုံ့ပြန်မှုကောင်း၊မကောင်း သိရှိနိုင်တယ်။ ဆေးကုသမှုထိရောက်ရင် VMAပမာဏ နည်းလာလိမ့်မယ်။

အဓိကအသုံးဝင်တဲ့ ရောဂါ နှစ်မျိုးက 
၁။neuroblastoma အာရုံကြောကင်ဆာ
၂။pheochromocytomaခေါ်တဲ့ အက်ဒရီနယ်အကျိတ်
စတာတွေကို သိရှိနိုင်တယ်။
ဒီလိုရောဂါတွေရှိ၊မရှိသိစေဖို့နဲ့ ကုသမှု ထိရောက်စေဖို့ ၂၄နာရီအတွင်း သွားတဲ့ဆီးတွေကို စုပေါင်းသိမ်းဆည်းပြီး ပမာဏကို တိုင်းတာရတယ်။ ၂၄နာရီဆိုတာ မနက်ပိုင်းသွားတဲ့ ဆီးကနေ နောက်နေ့မနက်ပိုင်းအထိ သွားတဲ့ဆီးတွေကို စုပေါင်းသိမ်းဆည်းပြီး စစ်ဆေးရတာမျိုးကို ခေါ်ပါတယ်။collectionလုပ်တဲ့အခါ sterile containerသီးသန့်မှာ သိမ်းဆည်းရတယ်။ အေးတဲ့ပတ်ဝန်းကျင်မှာ သိမ်းဆည်းပေးရတယ်။

Normal value of 24hr urinary VMA
ပုံမှန်အားဖြင့် ဆီးထဲမှာ 2-7mg/24hr ရှိပါတယ်။ 

သတိထားသင့်တာက ရောဂါသေချာစေဖို့ VMAတင်မကပဲ အခြား ဆီးထဲမှာပါဝင်တဲ့ metabolite(catecholamine,metanephrine)တွေနဲ့ ချိန်ဆရသေးတယ်။ကျောက်ကပ်ကောင်း၊မကောင်းသိစေဖို့ creatinine clearance ဆိုတာတွေပါ စစ်ဆေးဖို့လိုအပ်ပြန်တယ်။VMAအတွက် ဆီးစစ်ခ မြန်မာငွေ ၁၅၀၀၀လောက် ကျနိုင်တယ်။ 

ဆီးမစစ်ခင် ဘာတွေ ရှောင်ထားသင့်လဲ။
-လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်တာ၊
-ကော်ဖီ၊လက်ဖက်ရည်သောက်တာ၊
-အရက်၊ဘီယာ၊ဝိုင် သောက်တာ၊
-ငှက်ပျောသီး၊အခွံမာသီး၊လိမ္မော်သီးစားတာ၊
-vanillaပါတဲ့အရည်သောက်တာတွေ
ရှောင်ကြဉ်သင့်တယ်။အထက်ပါအချက်တွေဟာ ဆီးအဖြေကို ပြောင်းလဲစေနိုင်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၅.၄.၁၃




No comments:

Post a Comment