Thursday, November 20, 2014

အတက်ရောဂါ အယူအဆမှားများ

ဆရာရှင့်​ ​လေထုညစ်​ညမ်းတာနဲ့ ပတ်​သက်​ပြီး ​ဖြေကြား​ပေးတာ ​ကျေးဇူးတင်​ပါတယ်​။ ဆရာရဲ့ ကျန်းမာ​ရေးနဲ့ ပတ်​သက်​တဲ့ ​ဆောင်းပါး​တွေအတွက်​ အထူးျေးဇူးတင်​ပါတယ်​။ ​နောက်​တစ်​ခု​မေးပါရ​စေ အတက်​​ရောဂါ နဲ့ မြန်​မာလို​ခေါ်တဲ့ ၀က်​ရူးပြန်​​ရောဂါက အတူတူပါပဲလား။ အတက်​​ရောဂါကို အဂ်​လိပ်​လို ဘယ်​လို ​ခေါ်လဲ သိချင်​ပါတယ်​ ဆရာ  အခု အတက်​​ရောဂါနဲ့ ပတ်​သက်​တဲ့ program တစ်​ခု လုပ်​ချင်​လို့ပါ။ mrtv မှာ အလုပ်​ လုပ်​ ပါတယ်​။ ​မေးသမျှကို အ​လေးအနက်​ထားပြန်​လည်​ ​ဖြေကြား​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ရှိပါ​ကြောင်း ထပ်​မံ​ပြောကြားပါရ​စေ။ ဆရာလဲ ကျန်းမာပါ​စေ။ လိုင်းမ​ကောင်းလို့ email က ချက်​ချင်းဖွင့်​လို့မရဘူး။ so many thanks.


အတက်ရောဂါနဲ့ ဝက်ရူးပြန်မတူညီပါ။ ဝက်ရူးပြန်ဆိုတာ အတက်ရောဂါတွေအနက်က တခုသာဖြစ်တယ်။ အကြောဆွဲတာ၊တွန့်တာ၊တက်တာ အကုန်လုံးက အတက်ရောဂါထဲကို ထည့်ပါတယ်။ အတက်ရောဂါကို convulsion လို့ခေါ်တယ်။ ဝက်ရူးပြန်ကျတော့ epilepsy တဲ့။ ခွေးရူုးပြန်ကျတော့ rabies ဆိုပြီး ဖြစ်ပြန်ရော။ တက်တာကိုမြန်မာတွေ ရူးတာနဲတင်စားကြတယ်။ 

တက်တဲ့ပုံစံတွေ အမျိုးမျိုးရှိမယ်။ focal နေရာကွက်ဖြစ်တာနဲ့ generalized တကိုယ်လုံးဖြစ်တာဆိုပြီး ယေဘုယျခွဲနိုင်တယ်။ မြန်မာကာတွန်းထဲက  ဦးကပ်စီးဆိုတဲ့ ဇာတ်ကောင်ကို ကြားဖူးလိမ့်မယ်။ သူတက်တာမျိုးက ခြေ၊လက်၊ခေါင်း အကုန်ပါလို့ generalizedထဲမှာ ထည့်ရတယ်။ လက်(သို့)မျက်နှာ နေရာတခုတည်း ကွက်ပြီး တက်တာကို focalလို့ခေါ်ပါတယ်။

တက်တဲ့လူနာကို ဘာလုပ်ပေးမလဲ။
တက်တဲ့လူနာတယောက်ကို တကယ်တမ်းလုပ်ပေးသင့်တာက ခန္ဓာကိုယ် ဘယ်ဖက်စောင်းပေးဖို့ပဲ ဖြစ်တယ်။ဒီလိုလုပ်ပေးခြင်းအားဖြင့် အသက်ရှုလမ်းကြောင်းကို လျှာက သွားပိတ်မှာကာကွယ်ပေးတယ်။ဒီကြားထဲ လူနာရှင်ရှိရင် အားပေးရတယ်။ ပျောက်သွားမှာပါ၊စိတ်မပူပါနဲ့၊ဒါမျိုးက ဖြစ်တတ်ပါတယ်ဆိုတာမျိုး။ တကယ်လည်း တက်သူ အများစုဟာ ၅-၁၅မိနစ်အတွင်း ဘာကုသမှုမှ မလိုအပ်ပဲသူ့ဘာသာသက်သာသွားကြတယ်။ 

သတိပြုရမှာတွေက တက်နေသူတွေ့ရင် ယောင်ဝါးဝါးနဲ့ ဟိုကိုင်၊ဒီကိုင် မလုပ်မိစေနဲ့။ ဘေးမှာ လူမအုံစေနဲ့။ အသက်ရှု၊နှလုံးခုန် စမ်းသပ်ပါ။ ဖြစ်နေတဲ့ လူနာကို ဘေးစောင်းပြီး အသာထိုင်စောင့်နေသူတွေတွေ့ရင် အပြစ်တင်မစောလိုက်ပါနဲ့။ သူ့တို့က အတွေ့အကြုံရှိပြီးသူတွေမို့ ဒီလိုလုပ်တာပါလားလို့ နားလည်လိုက်ပါ။ တချို့က ကြောက်လန့်တကြား ဟိုလုပ်၊ဒီလုပ်ဆိုတာတွေက လူနာကို ပိုဆိုးစေတယ်။ တင်းကျပ်လာတဲ့ကြွက်သားတွေ အတင်းဇွတ်ဖြည်တာ၊ဖြန့်တာမျိုးက လူနာကို ထိခိုက်ဖို့ပဲ ဦးတည်နေတယ်။ အရပ်ပြောနည်းတွေ ယောင်လို့တောင် သွားမလုပ်ပါနဲ့။ 

တက်တဲ့လူကို ခြေမချိုးပေးရင် သက်သာတယ်ဆိုတဲ့ အယူအဆက လုံးဝမှားတယ်။ ထိုင်နေတော့ အကောင်း၊ထသွားမှ ကျိုးရှာတယ်။ အရပ်ပြောနည်း စပါးကျီးသည်းခြေ လျှာပွတ်ရင် ပျောက်တယ်ဆိုတာတွေက ရှေးကတည်းက အခုထိ မှားလို့ကောင်းဆဲပါ။ ဒီလို misbelief တွေက တခြာနိုင်ငံတွေမှာလည်း ရှိပါတယ်။ အယူအဆမှားတွေကို မီဒီယာလုပ်သူတွေဖက်က ထောက်ပြဖို့ တာဝန်ရှိပါတယ်။ မီဒီယာလုပ်သူတွေအနေနဲ့ ပြည်သူကို အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန် တင်ပြပေးဖို့ လိုအပ်ပါတယ်။  

ဒေါက်တာ အေးမင်းထူး
၂၈.၁၀.၁၄



ဆရာ အတက်​​ရောဂါ ​ဖြေကြား​ပေးတာ ​ကျေးဇူးတင်​ပါတယ်​။ အခု outdoor ​တော့ရိုက်​ပြီးပါပြီ indoor ရိုက်​ပြီးလို့ လွှင့်​မယ့်​ရက်​ကျရင်​ အ​ကြောင်းကြား​ပေးပါဦးမယ်​ဆရာ။ ဆရာလည်း အချိန်​​ရရင်​ကြည့်​​ပေးပါဦး ။ ​ကျေးဇူးတင်​လျက်



ဟုတ်ကဲ့။ ဆေးခန်းချိန်အားရင်တော့ ကြည့်ချင်ပါသေးတယ်။ ပြည်သူတွေအတွက် ဝမ်းသာရပါတယ်။ အချိန်ရရင်တော့ ကြည့်ဖြစ်မှာပါ။ 



ဆရာ အတက်​​ရောဂါအ​ကြောင်းကို ဒီည mrtv 8 နာရီ သတင်း​တွေအပြီးမှာ မျက်​​မှောက်​​ရေးရာ အဖြာဖြာ အစီအစဉ်​မှာ ထုတ်​လွှင့်​ပါ့မယ်​။ ဒီည မကြည့်​ဖြစ်​ရင်​ စ​နေ နံနက်​ ၁၀နာရီ သတင်းအပြီးနဲ့ ၊ ​နောက်​ တပတ်​ အင်္ဂါ ​နေ့ ည ၈နာရီ သတင်းအပြီးမှာ လွှင့်​ပါဦးမယ်​။ ဆရာအချိန်​ရလို့ကြည့်​ဖြစ်​ရင်​ အကြံ​ပေးပါဦး​နော်​။ ​ကျေးဇူးတင်​လျက်



နောက်ပိုင်းလေးတော့ ကြည့်လိုက်ရပါတယ်ဗျာ။ ဆေးခန်းချိန်တိုက်နေလို့။ အကြံပေးစရာမရှိပါ။

ဒေါက်တာ အေးမင်းထူး

No comments:

Post a Comment