Tuesday, November 18, 2014

အီး-စီးကရက် သတိပေးချက်

လျှပ်စစ် စီးကရက်(electronic cigarette)တွေ ခေတ်စားလာတာ သိပ်မကြာသေးပါဘူး။ ပထမဆုံး စတင်တီထွင်သူက Hon Lik(ဟွန်လစ်ခ်)ဆိုတဲ့ တရုတ်လူမျိုးတယောက် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက အဆုတ်ကင်ဆာနဲ့ ဆုံးပြီးနောက်ပိုင်းမှာ လူကိုအန္တရာယ်မဖြစ်စေတဲ့ စီးကရက်မျိုး လုပ်ဖို့စိတ်ကူးရခဲ့ပါတယ်။ စိတ်ကူးရပုံက နည်းနည်း ထူးဆန်းတယ်။တနေ့မှာ ပင်လယ်တခုထဲမှာ ရေနစ်တယ်လို့ သူ အိပ်မက်မက်ပါတယ်။ သိပ်မကြာခင် အဆိုပါရေတွေကနေ ကြီးမားတဲ့ အခိုးအငွေ့တွေ အဖြစ်ပြောင်းလဲသွားပါသတဲ့။ အိပ်ရာကနိုးတဲ့အခါ စိတ်ကူးရသွားပြီး အရည်ကနေ အခိုးအငွေ့အဖြစ်ပြောင်းနိုင်တဲ့ စီးကရက်တမျိုး တီထွင်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ အဲဒီနောက်ပိုင်းက စပြီး တီထွင်မှုကို
စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမဆုံး အီး-စီးကရက်ကို ၂၀၀၀ပြည့်နှစ်အစပိုင်းလောက်က စတင်တီထွင်ခဲ့တယ်။ ၂၀၀၃ခုနှစ်မှာ တီထွင်မှုကို တဦးတည်းမူပိုင် မှတ်ပုံတင်ခဲ့တယ်။ 

Electronic cigarette ကို e-cigaretteလို့ အတိုကောက်ခေါ်ပါတယ်။ အငွေ့ထွက်ဖို့ အီး-စီးကရက်ထဲကို နီကိုတင်းအရည်(nicotine liquid)မျိုးထည့်ရတယ်။ စီးကရက်ထုတ်လုပ်ထားပုံက ရိုးရှင်းပါတယ်။ e-cigaretteမှာ ပါတဲ့ ခလုတ်ကို နှိပ်ပြီး ရှုရှိုက်တဲ့အခါ ဘက်ထရီက နီကိုတင်းအရည်ကို အပူပေးပြီး အငွေ့အဖြစ်ပြောင်းသွားစေတယ်။ ဒီအငွေ့က ဆေးလိပ်သောက်တဲ့အခါ ထွက်လာတဲ့ အငွေ့တူပါတယ်။ ဆေးရည်မှာ နီကိုတင်း၊ဟင်းရွက်ဆီ၊ပရိုပိုင်လင်း ဂလိုက်ကော(propylene glycol)စတာတွေ ပေါင်းစပ်ထည့်သွင်းထားတယ်။ အမျိုးအစားတခုနဲ့တခု ပါဝင်တာတွေ တူချင်မှတူမယ်။ ကိုယ်လိုချင်တဲ့ အရသာပေါ်မူတည်ပြီး ပေါင်းစပ်သောက်သုံးနိုင်တယ်။ 

အီး-စီးကရက်ပေါ်ပေါက်လာတဲ့အခါ ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ပါး သက်သာစေတယ်။ ပြေပျောက်စေတယ်။ မိမိသောက်ချင်တဲ့အခါ မီးညှိဖို့မလိုပဲ အလွယ်တကူ သောက်နိုင်တယ်။ ဈေးကလည်း သိသိသာသာ ပိုသက်သာသွားတယ်။ အထူးသဖြင့် တရက်ကို ဆေးလိပ်တဗူးနဲ့အထက်ကုန်တဲ့ ဆေးလိပ်သမားတွေအတွက် ပိုအဆင်ပြေတယ်။ လေ့လာမှုတွေအရ ဆေးလိပ်တလိပ်သောက်တဲ့အခါ ဓာတုပစ္စည်းအမျိုးပေါင်း (၄၀၀၀)ကျော်လောက် ထွက်လာပါတယ်။ ဒီထဲမှာ Tar, carbon monoxide, nitrogen oxides, hydrogen cyanide and ammonia စတာတွေက လူကို အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာကို ဖြစ်စေတယ်။ အီး-စီးကရက်မှာ ဓာတုပစ္စည်းတွေပါပေမယ့် ဒီလောက်တော့ မဆိုးသေးပါဘူး။ အီး-စီးကရက်ပြောင်းသောက်လိုက်ခြင်းအားဖြင့် ဆေးရွက်ကြီးကထွက်လာတဲ့ ဆိုးကျိုးတွေ  လျှော့နည်းစေမှာဖြစ်ပါတယ်။ ကိန်းဂဏာန်းတွေအရ ဆေးလိပ်သောက်သူ တသန်းရှိတိုင်း လူ(၆၀၀၀)ကျော်မှာ အဆုတ်ဆိုင်ရာ ကျန်းမာရေးဆိုးကျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါသတဲ့။ နယူးဇီလန်နိုင်ငံမှာ ဆေးလိပ်ဖြတ်ရာမှာ သုံးတဲ့ nicotine patchနဲ့ e-cigaretteရဲ့ အကျိုးသက်ရောက်မှုကို လေ့လာတဲ့အခါ နီကိုတင်းပါတဲ့ e-cigaretteကို (၆)လကြာသောက်သုံးပြီးတဲ့အခါ ၇.၃ ရာခိုင်နှုန်းဟာ ဆေးလိပ်ပြတ်သွားတယ်။ တခြားတဖက်မှာ nicotine patchကြောင့် ဆေးလိပ်ပြတ်တဲ့နှုန်းက ၅.၃ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါ့ကြောင့် ဒီနောက်ပိုင်းမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဆေးလိပ်ဖြတ်ဖို့ အီး-စီးကရက်ကို ပြောင်းသောက်နိုင်တယ်လို့ ဆိုလာကြတာပါ။ 

ထုတ်လုပ်ကာစက သောက်သုံးရလွယ်ကူစေဖို့နဲ့ ဆေးလိပ်နေရာမှာ အစားထိုးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ထုတ်လုပ်သူတွေက ဆေးလိပ်ဖြတ်တဲ့နေရာမှာ ကျန်းမာရေးအတွက် သင့်တော်တဲ့ အီး-စီးကရက် ပြောင်းသောက်ဖို့ တိုက်တွန်းလာပါတယ်။ ဆရာဝန်တွေ၊ပညာရှင်တွေကလည်း ခေါင်းမာသူတွေ ဖြစ်တာကြောင့် ဒီလောက် အညှာမလွယ်ပါဘူး။ ကျန်းမာရေးပညာရှင်တွေက အီး-စီးကရက်ရဲ့ ရေရှည်အကျိုးသက်ရောက်မှု၊ပါဝင်ပစ္စည်းတွေရဲ့ ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်ကြတယ်။ ဓာတုဆေးရည်ကို အပူပေးပြီး ထွက်တဲ့အငွေ့မှာ ဘယ်လိုဓာတ်ပေါင်းတွေ ပါနိုင်သလဲ။ လူတွေအတွက် အမှန်တကယ် စိတ်ချရနိုင်ပါ့မလား။ ရေရှည်မှာ ပတ်ဝန်းကျင်က လူတွေကိုပါ ထိခိုက်စေမလား ဘယ်သူမှ မသိသေးပါဘူး။နောက်အဓိကကျပြဿနာ တခုက နီကိုတင်းကိုယ်၌က လူ့စိတ်ကို စွဲလန်းစေပြီး အန္တရာယ်ပေးတဲ့ အချက်ပါ။  အီး-စီးကရက် တချက်ရှုလိုက်တိုင်း နီကိုတင်းဘယ်လောက် အဆုတ်ထဲရောက်လဲ သိရှိဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကို ထိထိရောက်ရောက် မလေ့လာနိုင်သေးသ၍ ကျန်းမာရေးအဖွဲ့အစည်းတွေက ခွင့်ပြုမှာမဟုတ်ပါဘူး။ 

ထုတ်လုပ်သူတွေအနေနဲ့လည်း ဆိုးကျိုးမရှိတာလား၊မသိသေးတာလား ကွဲပြားအောင်လုပ်ဖို့ လိုအပ်ပါတယ်။ အခြေအနေက ဘာနဲ့ အလားသဏ္ဍာန်သွားတူလဲဆိုတော့ အနံ့ကောင်းအောင် လုပ်ထားတဲ့ ခြင်ဖျန်းဆေးတွေနဲ့ သွားတူပါတယ်။ အနံ့က စွဲမက်ဖွယ်ကောင်းအောင် ဘယ်လိုပဲလုပ်လုပ် နောက်ကွယ်မှာရှိတဲ့ ဓာတုပစ္စည်းတွေကတော့ လူကိုဒုက္ခပေးနေမှာ ဖြစ်ပါတယ်။ အခုလည်း အလားတူပါဘဲ။ ဆိုးကျိုးမရှိပါဘူးလို့ ပြောနေတဲ့ အီး-စီးကရက်ရဲ့ သက်တမ်းက ဆယ်စုနှစ် တခုစာပဲ ရှိပါသေးတယ်။ ကျန်းမာရေးအရ စတင် လေ့လာထားတာက (၂၀၀၆)ခုနှစ်ကဖြစ်လို့ ဆေးပညာအရ မွေးကင်းစအရွယ်ပဲ ရှိပါတယ်။ ဆေးသိပ္ပံအရ ဆိုးကျိုးမရှိဘူးလို့ ပြောလွန်းတာ စောနေပါသေးတယ်။ နောက်ကွယ်မှာ မသိသေးတဲ့ အကြောင်းရင်းတွေရှိနေနိုင်သေးတယ်လို့ ထောက်ပြထားတယ်။

သိပ်မကြာခင်ကပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လေဝင်လေထွက်မရှိတဲ့ အိမ်တွင်း၊ရုံးတွင်း အလုံခန်းတွေမှာ အီး-စီးကရက်တွေ မသောက်သုံးဖို့ သတိပေးထားပါတယ်။ လေ့လာမှုတွေအရ အီးစီးကရက်က ထွက်လာတဲ့အငွေ့ထဲမှာ ကင်ဆာဖြစ်စေတဲ့ nitrosamineဓာတ်ကို တွေ့ရပါတယ်။ နောက်ပြီး ဆေးရည်ကို အေးခဲမသွားအောင် ထည့်ရတဲ့ diethylene glycolက လူကိုအဆိပ်အတောက်ဖြစ်စေတာကြောင့် တားမြစ်ထားပါတယ်။ အီး-စီးကရက် သောက်သုံးသူတွေများလာတာနဲ့ အမျှ ဈေးတွေ ကျဆင်းလာသလို ကွာလတီပိုင်းကလည်း ပိုမိုလျော့နည်းလာပါတယ်။ အီး-စီးကရက်အချို့မှာ သုံးတဲ့ ဘက်ထရီတွေက စိတ်ချရမှုမရှိပါဘူး။ အားသွင်းများတဲ့အခါ အပူလွန်ပြီး ပေါက်ကွဲတာမျိုးဖြစ်နိုင်ပါတယ်။ ကုမ္ပဏီရဲ့ သတိပေးချက်တွေအရ ညလုံးပေါက်အားသွင်းတာ၊အပြင်သွားတဲ့အခါ အားသွင်းတာမျိုးကို ရှောင်ရှားသင့်တယ်။ 

ဒီနေ့ခေတ်မှာ e-cigaretteတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်။ စိုးရိမ်စရာ အခြေအနေတရပ်က အရွယ်မရောက်သေးတဲ့ လူငယ်၊လူရွယ်တွေပါ လက်တဲ့စမ်းပြီး သောက်လာကြတဲ့ ပြဿနာဖြစ်ပါတယ်။ လူများစု သဘောကျအောင် ချောကလက်တွေ၊သီးစုံအရသာတွေ ထည့်ထားတာက ဆေးလိပ်ဖြတ်ဖို့ထက် လူငယ်ဈေးကွက်ရအောင် စနစ်တကျ ကြံစည်နေတာပါလို့ ထောက်ပြထားတယ်။ တကယ်လည်း အီး-စီးကရက်ဈေးကွက်က နိုင်ငံကြီးတော်တော်များများအတွက် ခေါင်းခြောက်စရာဖြစ်လာနေပါတယ်။ ဆေးရွက်ကြီးဥပဒေနဲ့ ထိန်းချုပ်ထားတာမရှိလို့ လူ့မြင်ကွင်းတွေမှာ ပေါ်ပေါ်ထင်ထင် သောက်လာကြတာကို တားဆီးဖို့ လိုအပ်လာခဲ့ပါပြီ။ အီး-စီးကရက်တွေ ပေါ်ပေါက်လာခြင်းအားဖြင့် လူသားတွေအတွက် ကောင်းကျိုးပေးမလား၊ဆိုးကျိုးပေးမလား။ ဆေးလိပ်သောက်သူဦးရေ ပိုများလာမလား၊ လျှော့နည်းသွားမလား။ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကိုတော့ အချိန်က အဆုံးအဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၇.၁၁.၁၄)

No comments:

Post a Comment