Monday, January 20, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁)

ကျွန်တော်တို့လူသားတွေ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင်ဓာတ်တွေ ပါဝင်နေပါတယ်။ လူတယောက် အသက်ရှင်နေထိုင်ဖို့ ဗီတာမင်ဓာတ်တွေ လိုအပ်တယ်။ဗီတာမင်(vitamin)ဆိုတဲ့ မူရင်းအဓိပ္ပါယ်က "vital amines" သက်ရှိတွေအတွက် လိုအပ်သော amineများ လို့ အဓိပ္ပါယ်ရတယ်။ မြန်မာလို သက်စောင့်ဓာတ်လို့ ခေါ်နိုင်ပါတယ်။ ၁၉၁၂ခုနှစ်မှာ ပိုလန်နိုင်ငံသား Casimir Funkက "vitamine"လို့ စတင်သုံးစွဲခဲ့တယ်။ ၁၉၂၀နောက်ပိုင်းကစပြီး ဗီတာမင်တိုင်းဟာ amines တွေချည်းမဟုတ်ကြလို့ နောက်ဆုံးက "e"ကို ဖြုတ်ထားပြီး ဒီနေ့ခေတ် လူတွေသုံးစွဲနေကြတဲ့ vitaminဆိုတာ ဖြစ်လာတယ်။ ယနေ့ခေတ်မှာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်(၁၃)မျိုး ရှိတယ်လို့ တွေ့ရှိထားပါတယ်။ ဘာ့ကြောင့်လိုအပ်လဲဆိုတော့ ခန္ဓာကိုယ်တွင်းက မထုတ်လုပ်နိုင်ဘဲ ပြင်ပကနေ ရယူသုံးစွဲရလို့ ဖြစ်ပါတယ်။ ဒီတပတ်မှာ ဗီတာမင်(၁၃)မျိုးအနက် အရေးကြီးတဲ့ vitamin A အကြောင်းကို ဖော်ပြပေးပါမယ်။

Vitamin A(ဗီတာမင်အေ)
ဗီတာမင်အေမှာ  antioxidant ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ရှိတယ်။ fat soluble vitaminဖြစ်လို့ အဆီထဲမှာလည်း ပျော်ဝင်တယ်။ ဒါ့ကြောင့် အဆီပါတဲ့သား၊ငါး၊နို့၊ကြက်ဥ၊ဒိန်ခဲ၊အသည်း၊ကလီစာတွေဟာ ဗီတာမင်အေ ကြွယ်ဝတယ်။ ဗီတာမင်အေကို အစားအသောက်တွေထဲမှာ ပုံစံနှစ်မျိုးနဲ့ တွေ့ရှိရတယ်။ ပုံစံတမျိုးက အသား၊ငါးတွေမှာ တွေ့ရတဲ့ retinoids ပုံစံဖြစ်ပြီး နောက်တမျိုးက ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတွေမှာ တွေ့ရတဲ့ carotenoids ပုံစံဖြစ်ပါတယ်။ carotenoidsတွေကို provitamin Aလို့သတ်မှတ်ပြီး  retinoidတွေကို preformed vitamin Aလို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင်အေ လိုအပ်တဲ့အခါ carotenoids တွေကို retinoid အဖြစ်ပြောင်းလဲပေးတယ်။ ယေဘုယျအားဖြင့် သား၊ငါး တွေမှာ retinal (သို့)retinolဓာတ် တွေပါဝင်တယ်။ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံမှာ  alpha-carotene၊beta-carotene စတဲ့ဓာတ်တွေ ပါဝင်တယ်။ ဒီဓာတ်တွေကနေ ဗီတာမင်အေ ကိုရရှိတယ်။ မုန်လာဥနီ၊ကန်စွန်းဥ၊ရွှေဖရုံ၊ပန်းဂေါ်ဖီ၊ခရမ်းချဉ်သီး၊ဟင်းနုနွယ်စတဲ့ အသီးအရွက်တွေမှာ ဒီဓာတ်တွေပါဝင်တယ်။ ယေဘုယျအားဖြင့် အနီရင့်ရင့်၊အဝါရင့်ရင့် အစားအစာတွေကနေ ဗီတာမင်အေ ရရှိတယ်လို့ မှတ်ယူနိုင်တယ်။ 

ဗီတာမင်အေကို ၁၉၁၃ခုနှစ်မှာ စတင်တွေ့ရှိခဲ့တယ်။ စတင်တွေ့ရှိစဉ်က ထောပတ်မှာပါဝင်တဲ့ အာဟာရဓာတ်တမျိုးလို့သာ သိရှိခဲ့တယ်။ နောက်ပိုင်းမှာ ခန္ဓာကိုယ်မှာရှိတဲ့ သက်ရှိဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်အေ လိုအပ်တာသိလာတယ်။ အရေပြား၊အရိုးနဲ့ တွယ်ဆက်တစ်ရှူးတွေ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ ကိုယ်ခံအားကို ကောင်းစေတယ်။ သွေးနီဥသစ်တွေ ဖြစ်ပေါ်ဖို့ ကူညီပေးတယ်။ မျက်စိမြင်လွှာကောင်းစေဖို့ ဗီတာမင်အေ လိုအပ်တယ်။ ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေမှာလည်း ဗီတာမင်အေက အရေးပါတယ်။ သန္ဓေသားကို ကြီးထွားစေပြီး ဦးနှောက်နဲ့ဥာဏ်ရည် ဖွံ့ဖြိုးစေတယ်။လေ့လာမှုတွေလုပ်ကြည့်တဲ့အခါ ကောင်းကျိုးတွေကို ဆက်တွေ့ရတယ်။ alpha caroteneနဲ့lycopene က အဆုတ်ကင်ဆာဖြစ်ပွားမှု ကျဆင်းစေတယ်။ luteinနဲ့ zeaxanthin က မျက်စိအတွင်းတိမ်ကို ကာကွယ်ပေးတယ်။ lycopeneက ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကျဆင်းစေတယ်။ ဝက်ခြံပျောက်ဆေးတချို့မှာ ဗီတာမင်အေတမျိုးဖြစ်တဲ့ retinoic acidကို ထည့်သွင်းအသုံးပြုကြည့်တဲ့အခါ အဆီဂလင်းအရွယ်အစားကို သေးစေတယ်။ ကင်ဆာရောဂါ၊အရေပြားရောဂါနဲ့ HIVရောဂါသည်တွေမှာ retinoic acidကို အသုံးပြုနိုင်တယ်။

အာဟာရဓာတ်တွေအကြောင်းပြောရင် RDAကို ချန်ထားလို့မရဘူး။ လူတယောက် နေ့စဉ်လိုအပ်တဲ့ပမာဏကို RDA(recommended daily allowance) နဲ့သတ်မှတ်ပါတယ်။ တချို့ဗီတာမင်တွေကို အားဆေးတွေမှာ ဖော်ပြတဲ့အခါ international unit(IU)နဲ့ဖော်ပြကြတယ်။ လူတယောက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်အေပမာဏက 3000IU (တနည်းအားဖြင့် 0.9mg) လောက် ဖြစ်ပါတယ်။ဗီတာမင်အေကို အဆီလွှာထဲမှာ retinyl esterအဖြစ် သိမ်းဆည်းထားပြီး လိုအပ်တဲ့အခါ ထုတ်ယူသုံးစွဲနိုင်တယ်။ အသားမစား သက်သက်လွတ်သမားအများစုဟာ retinolဓာတ် ချို့တဲ့တာ တွေ့ရတယ်။ လေ့လာမှုတွေအရ ၅နှစ်အောက်ကလေးတွေရဲ့ သုံးပုံတပုံဟာ ဗီတာမင်အေ လုံလောက်မှုမရှိဘူးလို့ ခန့်မှန်းကြတယ်။ ဒီထဲက အများစုဟာ အရှေ့တောင်အာရှနဲ့ အာဖရိကတိုက်က ဖြစ်ကြတယ်။ 

ဗီတာမင်အေ ချို့တဲ့ခြင်းကြောင့် အရေပြားခြောက်သွေ့ ကြမ်းတမ်းခြင်း၊ မျက်စိမှုန်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ ကြီးထွားမှုနှေးကွေးခြင်း၊ သွားပေါက်ပုံ မညီညာခြင်း၊ကြက်မျက်သင့်ရောဂါမျိုး ဖြစ်ပေါ်တတ်တယ်။ လိုတာမကောင်းသလို ပိုတာလည်း ကျန်းမာရေးအတွက်မကောင်းဘူး။ Vitamin A ပမာဏများခြင်းကြောင့် အစားအသောက်ပျက်ခြင်း၊ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အရိုးအဆစ်နာခြင်း၊အသားဝါခြင်း၊ အသည်းထိခိုက်ခြင်း၊ မျက်စိဝေဝါးခြင်း၊ ဆံပင်ကျွတ်ခြင်းမျိုး ခံစားရနိုင်တယ်။ အလွန်အကျွံများရင် မွေးရာပါချို့ယွင်းတဲ့ ကလေးမျိုး မွေးဖွားလာတတ်တယ်။ ဗီတာမင်အေကို လေ့လာကြည့်ရင် ကောင်းကျိုးများသလို အလွန်အကျွံသုံးစွဲမိရင် ဆိုးကျိုးတွေလည်း ဖြစ်စေနိုင်တယ်။ဒါ့ကြောင့် တန်ဆေး၊လွန်ဘေး သဘောနားလည်ပြီး ဗီတာမင်တွေကို သုံးစွဲသင့်တယ်။ လေ့လာမှုတွေ ဘယ်လိုဆိုဆို ကင်ဆာရောဂါ ကာကွယ်နိုင်မလား ဆက်လက်အဖြေရှာဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၀.၁.၁၄)

No comments:

Post a Comment