Monday, January 27, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၂)

သက်စောင့်ဓာတ်များကို လေ့လာခြင်းခေါင်းစဉ်နဲ့ ဗီတာမင်တွေရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေ ကို ရေးသားနေပါတယ်။ ဒီတပတ်မှာ သက်စောင့်ဓာတ်တမျိုး ဖြစ်တဲ့ ဗီတာမင် ဘီဝမ်း(vitamin B1)အကြောင်းကို ဆက်လက်ဖော်ပြပေးပါမယ်။

Vitamin B1(ဗီတာမင် ဘီဝမ်း)
ပထမဆုံးတွေ့ရှိခဲ့တဲ့ ဗီတာမင်ဘီဖြစ်လို့ vitamin B1လို့ ခေါ်ပါတယ်။ ၁၉၁၂ခုနှစ်မှာ  Casimir Funkဆိုသူက စတင်တွေ့ရှိခဲ့တယ်။ ဗီတာမင် ဘီဝမ်းကို thiamine(သိုင်ရာမင်း)လို့လည်း ခေါ်ကြတယ်။ ကနဦးက အာရုံကြောရောင်ရမ်းခြင်းကို သက်သာစေလို့ "aneurin" လို့ခေါ်ခဲ့တယ်။vitamin B1ရဲ့အသုံးဝင်ပုံက များတယ်။ သက်ရှိဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်။စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။ နာဖ့်ဆဲလ်တွေမှာရှိတဲ့ acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်။ အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေဖို့ ကူညီပေးတယ်။ မျိုးဗီဇဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်စဉ်မှာလည်း အရေးကြီးပြန်တယ်။
 ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တော်တော်များများမှာ ပါဝင်တာတွေ့ရတယ်။ ဗီတာမင်ဘီဝမ်းကို အစားအစာအများစုမှာ တွေ့ရှိနိုင်တယ်။ ဝက်သား၊ကလီစာ၊ဆန်၊ဂျုံ၊ပဲတောင့်ရှည်၊ပဲပင်ပေါက်၊ကညွတ်၊ပန်းဂေါ်ဖီ၊အခွံမာသီး၊အစေ့အဆံအများစုမှာ ဗီတာမင်ဘီဝမ်း ပါဝင်တာတွေ့ရတယ်။ အားဆေးတွေမှာ vitamin B1ကို thiamine hydrochloride(သို့)thiamine mononitrate နာမည်နဲ့တွေ့ရတယ်။ လူတယောက်နေ့စဉ်လိုအပ်တဲ့ ပမာဏက 1.2mgဖြစ်ပါတယ်။ မွေးကင်းစမှ ၆လထိ 0.2 mg၊၆လ-၁နှစ်ထိ 0.3mg၊၁-၃နှစ်ထိ 0.5mg၊ ၃-၈နှစ်ထိ 0.6mg၊၈-၁၃နှစ်ထိ 0.9mg၊၁၃နှစ်အထက် 1.2mg၊ကိုယ်ဝန်ဆောင်နို့တိုက်မိခင်တွေမှာ 1.5mg အသီးသီးလိုအပ်ပါတယ်။

vitamin B1ဟာ ရေမှာပျော်ဝင်တဲ့ဗီတာမင်(water-soluble vitamin)မျိုး ဖြစ်ပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ခန္ဓာကိုယ်က မသိုလှောင်နိုင်ဘူး။ မသိုလှောင်နိုင်လို့ ချို့တဲ့နိုင်တယ်။အကယ်၍ ပြင်ပကဖြည့်တင်းမှုမရှိရင် (၁၄)ရက်အတွင်း ကုန်ခမ်းနိုင်တယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ၊ အစားရှောင်သူတွေ နဲ့ အစားနည်းတဲ့ သက်ကြီးရွယ်အိုတွေဟာ ဗီတာမင်ဘီဝမ်း ချို့တဲ့သူတွေ ဖြစ်ကြတယ်။ ဘီဝမ်းကို အပူပေးခြင်းကြောင့် ပျက်ဆီးနိုင်တယ်။ချက်ပြုတ်ခြင်း၊မိုက်ခရိုဝေ့ဖ် အပူပေးခြင်းကြောင့်  ၂၀-၅၀ရာခိုင်နှုန်း ယုတ်လျှော့သွားတယ်။ ဆန်၊ဂျုံစတာတွေ အဆင့်ဆင့်သန့်စင်ပြောင်းလဲမှုကြောင့် thiamine ၈၀ရာခိုင်နှုန်းလောက် လျှော့နည်းသွားနိုင်တာ တွေ့ရတယ်။ အသင့်စားဆန်၊ဂျုံ၊ခေါက်ဆွဲတွေမှာလည်း ပါဝင်မှုနည်းပါးတယ်။ အလားတူ ဗီတာမင် ဘီဓာတ်တွေဟာ တခုနဲ့တခုဆက်စပ်နေတတ်တယ်။ ဥပမာ vitamin B12ချို့တဲ့သူဟာ vitamin B1လည်း ချို့တဲ့နိုင်တယ်။ မြန်မာနိုင်ငံမှာ ဘီဝမ်းချို့တဲ့သူအများစုဟာ အရက်သောက်သူတွေ ဖြစ်ကြတယ်။ အရက်က အစာအာဟာရထဲမှာပါဝင်တဲ့ vitamin B1ကို မစုပ်ယူနိုင်အောင် တားမြစ်တယ်။ နေ့စဉ်ကွမ်းယာ ပုံမှန်စားသုံးသူတွေဟာ ကွမ်းသီးကြောင့် thiamine ဓာတ်ချို့တဲ့နိုင်တာ တွေ့ရတယ်။ ကော်ဖီ၊လက်ဖက်ရည်မှာပါဝင်တဲ့ tanninဓာတ်က thiamineနဲ့ ဓာတ်ပြုတဲ့အခါ စုပ်ယူမှုကို ခက်ခဲစေတယ်။ thiaminaseပါဝင်တဲ့ ငါး၊ငါးပိတွေကြောင့်လည်း ချို့တဲ့နိုင်တယ်။ 

ချို့တဲ့မှုကြောင့် ဘာတွေ ဖြစ်နိုင်လဲ။ အစားအသောက်ပျက်ခြင်း၊ ပိန်ခြင်း၊ အားယုတ်ခြင်း၊စိတ်ဆတ်ခြင်း၊စိတ်ကျလွယ်ခြင်း၊မောပန်းခြင်း၊ခန္ဓာကိုယ်ဖောရောင်ခြင်း၊ထုံကျင်ကိုက်ခဲခြင်း၊အာရုံကြောရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတယ်။ ပိုဆိုးတဲ့လူနာတွေမှာ နှလုံးခုန်မမှန်တာကြောင့် နှလုံးအမောဖောက်ပြီး သေဆုံးတတ်တယ်။ Thiamine ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ အဓိကရောဂါလက္ခဏာနှစ်မျိုးရှိပါတယ်။ Beriberi နဲ့ Wernicke-Korsakoff syndrome တွေ ဖြစ်ပါတယ်။ ဘီဝမ်းချို့တဲ့မှု ကြာရှည်လာရင် Korsakoff's syndromeဆိုတာ ခံစားရတယ်။ မှတ်ဥာဏ်၊အတွေးအခေါ်နဲ့ အာရုံခံစားမှု မကောင်းတော့ဘူး။ ထင်ယောင်ထင်မှား ဖြစ်လာတယ်။ လက္ခဏာတွေက အရက်စွဲသောက်သူတွေမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတွေနဲ့ သွားတူတယ်။ ဒီလိုလူနာတွေမှာ ဗီတာမင်ဘီဝမ်းကို ထိုးဆေးအနေနဲ့ ထိုးပေးရတယ်။ဘီဝမ်းချို့တဲ့သူတွေမှာ thiamine 5-30mgကို တစ်လလောက် စွဲသောက်စေတယ်။ ပိုဆိုးတဲ့လူနာတွေမှာ thiamine 100mg-300mgထိ ပေးရတယ်။ လေ့လာမှုအချို့မှာ thiamine 10mg ပုံမှန်သောက်သုံးပေးခြင်းဟာ မျက်စိရေတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးတယ်။ 

ဒီနေ့ခေတ်ကာလ ဈေးကွက်ထဲမှာ အားဆေးမျိုးစုံ အပြိုင်အဆိုင်ဝင်လာကြသလို အားဆေး ကြေငြာတွေကို နေရာတိုင်းမှာတွေ့ရှိနိုင်ပါတယ်။ အားဆေးအများစုမှာ ဗီတာမင်ဘီဝမ်းကို ပင်တိုင်ထည့်သွင်းကြတယ်။ အားဆေးတွေကြောင့် ချို့တဲ့မှုတွေနည်းလာသလို ပိုတာမျိုးတွေ ဖြစ်လာတယ်။ အကယ်၍  လိုတာထက် ပိုလျှံနေရင် ခန္ဓာကိုယ်က ဆီးအဖြစ်ပြောင်းလဲပြီး အပြင်ကို စွန့်ထုတ်ပစ်တယ်။ ဒါ့ကြောင့် ဘီဝမ်း ပိုလျှံတယ်ဆိုတာ ရှားပါးတယ်။ တဖက်ကလည်းအရက်၊ဘီယာ၊ကော်ဖီ၊လက်ဖက်ရည် သောက်သုံးမှုဟာ တနေ့တခြားပိုမို များပြားလာတာနဲ့အမျှ ဗီတာမင်ချို့တဲ့မှုတွေ ဖြစ်လာတယ်။ချို့တဲ့မှုကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဗီတာမင် အားဆေးတွေ ဆက်လက်လိုအပ်နေပါတယ်။ အသက်ကိုစောင့်တဲ့ သက်စောင့်ဓာတ်တွေရဲ့ အရေးပါမှုက ဆုတ်ယုတ်မသွားဘဲ ဆက်လက်တိုးတက်နေလိမ့်မယ် ထင်ပါတယ်။

ဒေါက်တာအေးမင်းထူး
ရတနာပုံသတင်းစာ(၂၇.၁.၁၄)

No comments:

Post a Comment