Wednesday, February 5, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၃)

သက်စောင့်ဓာတ်များကိုလေ့လာခြင်း အပိုင်း(၃)အဖြစ် vitamin B2အကြောင်းကို ဆက်လက်ဖော်ပြပေးပါမယ်။

Vitamin B2(riboflavin)
vitamin B2ဆိုတာ အစားအစာတွေမှာ ပါဝင်တဲ့ ဗီတာမင်တမျိုးဖြစ်ပါတယ်။riboflavinလို့လည်း ခေါ်ပါတယ်။ riboflavin ဆိုတဲ့စကားလုံးဟာ Riboseနဲ့ flavinကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ riboflavinမှာ "ribitol"မော်လီကျူးတည်ဆောက်ပုံမျိုး ပါဝင်ပြီး flavinဆိုတဲ့အဓိပ္ပါယ်က လက်တင်စကားနဲ့ အဝါရောင်(flavus)ကို ဆိုလိုတယ်။ ၁၉၂၀နဲ့၁၉၃၀ခုနှစ်ဝန်းကျင်တွေမှာ အစားအစာမှာပါဝင်ပြီး ကြီးထွားမှုကိုဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေခဲ့ကြပါတယ်။ အကြောင်းတိုက်ဆိုင်စွာပဲ ၁၉၂၆ခုနှစ်မှာ D.T. Smithနဲ့E.G. Hendrick တို့က အစားအသောက်မှာပါဝင်တဲ့ အဝါရောင်အင်ဇိုင်းတမျိုးကို  တွေ့ရှိခဲ့ကြတယ်။ နောက်ပိုင်းမှာ အဝါရောင်ဓာတ်တွေဟာ riboflavin ကြောင့်ဆိုတာ သိလာကြတယ်။ 


riboflavinဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ဗီတာမင်မျိုး ဖြစ်တယ်။ အထူးသဖြင့် အစားအစာတွေကနေ စွမ်းအင်ထုတ်လုပ်တဲ့ဖြစ်စဉ်မှာ ပါဝင်ကူညီပေးတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ သွေးနီဥဖွဲ့စည်းဖို့ လိုအပ်တယ်။ အသည်းကို ပုံမှန်လုပ်ဆောင်စေတယ်။ အာရုံကြော၊နာ့ဖ်ဆဲလ်တွေ လုပ်ဆောင်နိုင်စွမ်း ကောင်းမွန်စေတယ်။ ဒါ့ပြင် အင်တီအောက်ဆီးဒင့်လို ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိမျိုးလည်း ရှိတယ်။ ခုခံအားစနစ်Antibody ထုတ်လုပ်ရာမှာလည်း ကူညီပေးတယ်။ အစာချေစနစ်ကို အားပေးတယ်။ အူလမ်းကြောင်းက သံဓာတ်နဲ့ B6 စုပ်ယူဖို့ ကူညီလုပ်ဆောင်ပေးတယ်။ 

Vitamin B2ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်မျိုးဖြစ်တာကြောင့် နေ့စဉ်လိုအပ်ပါတယ်။ မွေးကင်းစမှ ၆လထိ 0.3 mg၊၆လ-၁နှစ်ထိ 0.4mg၊၁-၃နှစ်ထိ 0.5mg၊ ၃-၈နှစ်ထိ 0.6mg၊၈-၁၃နှစ်ထိ 0.9mg၊၁၃နှစ်အထက် 1.2mg၊ကိုယ်ဝန်ဆောင်မိခင်မှာ 1.4mg၊နို့တိုက်မိခင်တွေမှာ 1.6mg အသီးသီးလိုအပ်ပါတယ်။ ဒီပမာဏဟာ နေ့စဉ်စားနေတဲ့ အစားအစာအများစုမှာလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ကလီစာ၊ကြက်ဥ၊ငါး၊အခွံမာသီး၊ဟင်းနုနွယ်၊ဆန်၊ဂျုံ၊နွားနို့၊ဒိန်ချဉ်၊မှို၊ပဲနို့၊စိမ်းတဲ့အသီးအရွက်တွေမှာ ပါဝင်ကြတယ်။ အစားအစာတွေမှာ ပါဝင်တဲ့ vitamin B2ဟာ အပူကို ခံနိုင်တဲ့ ဗီတာမင်(heat-stable vitamin) မျိုးဖြစ်ပါတယ်။သို့သော် အလင်းရောင်(light)ကိုတော့ မခံနိုင်ဘူး။ အလင်း(light)ပေးခြင်းကြောင့် vitamin B2 တွေ ပျက်ဆီးနိုင်တယ်။ ဒီအချက်ကြောင့် အလင်းပေးကုသတဲ့ phototherapy လူနာတွေမှာ ဗီတာမင်ဘီတူးကို ဖြည့်စွက်ပေးကြတယ်။ ဒါ့ပြင် ကြော်တဲ့၊ချက်တဲ့အစားအစာတွေထက် ကြာရှည်ခံ အခြောက်လှမ်းတဲ့ အစားအစာတွေဟာ ဘီတူးပိုမိုချို့တဲ့နိုင်တယ်လို့ သိရတယ်။ 

vitamin B2ချို့တဲ့ခြင်းကြောင့် ပါးစပ်၊နှုတ်ခမ်း၊လျှာမှာ ကွဲအက်အနာမျိုး ပေါက်တတ်တယ်။ လည်ချောင်းနာတာ၊ရောင်တာအပြင် ဆံပင်ကျွတ်ခြင်း၊အရေပြားခြောက်သွေ့ခြင်းမျိုး ဖြစ်ပေါ်နိုင်တယ်။ Sickle cell anaemiaလို သွေးအားနည်းရောဂါကို ဖြစ်စေနိုင်တယ်။ မောပန်းလွယ်တာ၊အားယုတ်တာ၊ခေါင်းမူးတာမျိုးဟာ Vitamin B2ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်တယ်။ ကလေးငယ်တွေ ကြီးထွားမှုနှေးကွေးတာ၊အာဟာရဓာတ်နည်းတာမျိုးဟာ vitamin B2နဲ့ စပ်ဆိုင်တတ်တယ်။ ဒါ့ကြောင့် ကလေးတွေအစားအသောက်ပျက်ပြီး ကြီးထွားမှုနှေးကွေးတဲ့အခါ ဗီတာမင်ဘီပါဝင်တဲ့အားဆေးတွေ တိုက်ကြတာဖြစ်ပါတယ်။ 

ဘီတူးချို့တဲ့ခြင်းအတွက် riboflavin 5-30mg နေ့စဉ်သောက်သုံးသင့်တယ်။ မိုက်ဂရိန်းခေါင်းကိုက်ဝေဒနာရှင်တွေမှာ vitamin B2 400mg သုံးလလောက် နေ့စဉ်သောက်သုံးစေတဲ့အခါ ရောဂါဖြစ်ပွားမှု အကြိမ်အရေအတွက်ဟာ ထက်ဝက်လောက်ထိ ကျဆင်းတာတွေ့ရတယ်။ဒါ့ပြင် riboflavin 2.5mgနေ့စဉ်သောက်သုံးခြင်းကြောင့် မျက်စိတိမ်စွဲခြင်းကို ကာကွယ်ပေးတယ်။ အာနိသင်ကောင်းစေဖို့ niacin 40mgကို ထပ်ပေါင်းသောက်သုံးစေတယ်။ ဗီတာမင်ဘီ အားဆေးတွေကို  အစာစားပြီး သောက်သုံးသင့်တယ်။ရေမှာပျော်ဝင်တဲ့ အာနိသင်ရှိတာကြောင့် လိုတာထက် ပိုနေရင်လည်း ခန္ဓာကိုယ်က ဆီးအဖြစ်စွန့်ထုတ်လိုက်တယ်။ အားဆေးတွေသောက်တဲ့အခါ ဆီးဝါတဲ့သဘောက vitamin B2ကြောင့် ဖြစ်ပါတယ်။ ပိုတာမှန်သမျှ စွန့်ထုတ်ပစ်နိုင်လို့ လုံလောက်အောင်ဖြည့်တင်းနိုင်ဖို့ လုပ်ဆောင်သင့်တယ်။ လူ့ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်မျိုးဖြစ်တာကြောင့် အစားအသောက် လုံလောက်မျှတအောင် စားသုံးခြင်းဖြင့် ဘီတူးချို့တဲ့မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒေါက်တာအေးမင်းထူး
ရတနာပုံသတင်းစာ(၃.၂.၁၄)

No comments:

Post a Comment