Monday, January 13, 2014

ခေါက်ဆွဲခြောက်ထုပ်နဲ့ ကျန်းမာရေး

ခေါက်ဆွဲခြောက်ထုပ်တွေဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်ကို instant noodleလို့ ခေါ်ပါတယ်။ တချို့က junk food အာဟာရမမြောက်တဲ့ အစားအစာအဖြစ် သတ်မှတ်ကြတယ်။ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ လူတော်တော်များများ သိကြပါတယ်။ ဒါပေမယ့် မဆင်ခြင်နိုင်ကြဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ့မှာလည်း အားသာချက်များစွာရှိနေလို့ ဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်တွေဟာ ဝယ်ရလွယ်ကူသလို ဈေးပေါတယ်။ အရသာရှိတယ်။ အသင့်စားသုံးနိုင်တယ်။ ချက်တတ်၊ပြုတ်တတ်ဖို့မလိုအပ်ဘူး။ ရေနွေးရှိရုံနဲ့ မိမိဘာသာလုပ်စားနိုင်တယ်။ အထူးသဖြင့် အချိန်မပေးနိုင်သူတွေအတွက် အဆင်ပြေတယ်။ အဆောင်နေကျောင်းသား၊ကျောင်းသူတွေအတွက် ခေါက်ဆွဲခြောက်နဲ့ တင်းတိမ်ရတဲ့ရက်တွေ ရှိတယ်။ ပိုက်ဆံပြတ်တဲ့အခါ ခေါက်ဆွဲခြောက်နဲ့နှစ်ပါးသွားပြီး မနက်စာ၊နေ့လည်စာ၊ညစာ ပြီးရတယ်။ ဒါ့ပြင် စားသုံးသူအများစုဟာ ကျောင်းသားအရွယ်လူငယ်တွေ ဖြစ်တာကြောင့် မော်ဒန်အစားအစာလို့ ဆိုရမလားပဲ။ 

ခေါက်ဆွဲခြောက်ရဲ့သမိုင်းကြောင်းအစ
ခေါက်ဆွဲခြောက်တွေ ပထမဆုံးစတင် တည်ထွင်ထုတ် လုပ်ခဲ့သူက ဂျပန်လူမျိုး Momofuku Ando ဆိုသူဖြစ်ပါတယ်။ ၁၉၅၈ခုနှစ်မှာ Chikin Ramen ဆိုတဲ့ နာမည်နဲ့ ပထမဆုံးခေါက်ဆွဲခြောက်ကို ထုတ်လုပ်ရောင်းချခဲ့တယ်။ ဂျပန်ရိုးရာခေါက်ဆွဲပြုတ်ကို Ramenလို့ ခေါ်ပါတယ်။ ဒီခေါက်ဆွဲကို ဂျပန်ကုမ္ပဏီ Nissan foods က စတင်ထုတ်လုပ်ခဲ့တယ်။ စတင်ရောင်းချစဉ်က ပုံမှန်ခေါက်ဆွဲထက် ၆ဆလောက် ဈေးကြီးခဲ့လို့ လူကုံထံတွေသာ စားသုံးနိုင်ခဲ့တယ်။ ၁၉၇၁မှာ ခွက်ထဲထည့်ပြီးသား အသင့်စားခေါက်ဆွဲဗူးပုံစံ ထပ်မံထုတ်လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်ပြီး ခေတ်စားလာတယ်။ 

ကျန်းမာရေးအတွက် ပြဿနာ
ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ အာဟာရဓာတ်လုံလောက်မျှတဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးအတွက် ကစီဓာတ်၊အဆီဓာတ်၊အသားဓာတ်၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်စွာပါဝင်သင့်တယ်။ ခေါက်ဆွဲခြောက်တွေဟာ အဆင့်ဆင့် ပြုပြင်ပြောင်းလဲထားတာဖြစ်လို့ အာဟာရတန်ဖိုး နည်းပါးတယ်။ ခေါက်ဆွဲခြောက်ထုပ်မှာ ကစီဓာတ်နဲ့ အဆီဓာတ်တွေသာ အဓိကပါဝင်တယ်။ ပါဝင်တာကို အချိုးချကြည့်ရင် ပရိုတင်း-၉ရာခိုင်နှုန်း၊အဆီဓာတ်-၃၆ရာခိုင်နှုန်း နဲ့ ကစီဓာတ်-၅၅ရာခိုင်နှုန်းစီ အသီးသီးပါဝင်တယ်။ ဒါ့ကြောင့် ခေါက်ဆွဲခြောက်ထုပ်တွေ နေ့စဉ်စားသုံးသူတဦးဟာ ဗီတာမင်၊သတ္တုဓာတ်နဲ့ ပရိုတင်းဓာတ် လုံလောက်မှုမရှိတော့ဘူး။ လက်တွေ့ကျကျပြောရရင် ခေါက်ဆွဲစားခြင်းက ကျန်းမာရေးပြဿနာတရပ်မဟုတ်ပါဘူး။ ခေါက်ဆွဲခြောက်ကို ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ပစ္စည်းတွေကသာ ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေတာပါ။ ခေါက်ဆွဲခြောက်မှာ ဆိုးဆေးနဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေး အတွက် ကောင်းကျိုးမရှိဘူး။ ခေါက်ဆွဲခြောက်ထုပ်တွေမှာ အစိုဓာတ်ထိန်းပေးတဲ့propylene glycol ပါဝင်တယ်။ ပါဝင်တဲ့ propylene glycol က နှလုံး၊အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေတယ်။ဒီဓာတ်ကဘဲ ခုခံအားကို ကျဆင်းစေတယ်။ ခေါက်ဆွဲခြောက်ပြုလုပ်တဲ့အခါ ဂျုံ၊စားသုံးဆီနဲ့ ဆိုဒီယမ်ဆားဓာတ်တွေ ထည့်သွင်းရတယ်။ ဂျုံကို အခြောက်ခံထားတာဖြစ်လို့ အထဲမှာပါဝင်တဲ့ ဗီတာမင်ဘီဓာတ်တွေ ဆုံးရှုံးသွားတယ်။ကြာရှည်ခံအောင် ဆိုဒီယမ်ဆားထည့်ပေးရတယ်။ ခေါက်ဆွဲခြောက်တထုပ်မှာ ပျမ်းမျှ ဆိုဒီယမ် တစ် ဂရမ် ပါဝင်တယ်။ တချို့ခေါက်ဆွဲခြောက်တွေမှာ ဆိုဒီယမ်ပမာဏ ပိုများတာ တွေ့ရတယ်။  လူတယောက်အတွက် နေ့စဉ် လိုအပ်တဲ့ ဆိုဒီယမ်ပမာဏက ၂.၃ဂရမ်ဖြစ်ပါတယ်။ ဆိုဒီယမ်များခြင်းကြောင့် နှလုံး၊ကျောက်ကပ်၊သွေးတိုးနဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်တယ်။ တဖက်ကကြည့်ရင် ခေါက်ဆွဲခြောက်ကို လူတွေစွဲလမ်းခြင်းဟာ ပါဝင်တဲ့ ဆိုဒီယမ်ကြောင့်လည်း ဖြစ်နိုင်တယ်။ စားသုံးဆီလည်းပါဝင်လို့ နလုံးရောဂါနဲ့အဝလွန်ရောဂါကို ဖြစ်စေတယ်။ အရသာကောင်းမွန်စေဖို့  monosodium glutamate(MSG) ခေါ်တဲ့ ဟင်းချိုမှုန့်ထည့်သွင်းထားတယ်။ ဟင်းချိုမှုန့်က အနံ့အရသာပြည့်စုံစေသလို လူ့စိတ်ကို စွဲလန်းစေတယ်။ သွေးပေါင်တက်စေတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ပျက်ကျနိုင်သလို မိမိကလေးကိုလည်း ထိခိုက်စေတယ်။ ကလေးငယ်တွေ ဥာဏ်ရည်၊ဥာဏ်သွေးကျဆင်းစေပြီး ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးစေတယ်။ ပန်းနာ၊ရင်ကျပ်အခံရှိရင် ပိုဆိုးဦးမယ်။ လူဦးရေရဲ့ ၁-ရာခိုင်နှုန်းက ဟင်းချိုမှုန့်မတဲ့တာရှိနိုင်တယ်။ ဒြါ့ပင်အသင့်စားခွက်တွေမှာ ပါဝင်တဲ့ dioxinဓာတ်တချို့က ရေနွေးနဲ့ ဓာတ်ပြုတဲ့အခါ ကင်ဆာရောဂါ ဖြစ်စေတယ်။ ဒါ့ကြောင့် နေ့စဉ်ရက်ဆက် ခေါက်ဆွဲခြောက်စားသုံးသူတွေဟာ ရေရှည်မှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးတွေသာ တွေ့ရတယ်။ 

၂၀ရာစု အကြီးကျယ်ဆုံးတီထွင်မှုတဲ့လား
၂၀၀၀ပြည့်နှစ်မှာ ၂၀ရာစုအတွင်း သူတို့ရဲ့ အကြီးကျယ်ဆုံးတီထွင်မှုဟာ  ခေါက်ဆွဲခြောက်ထုပ်ဖြစ်တယ်လို့ ဂျပန်လူမျိုးတွေက ကြွေးကြော်ခဲ့ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့သလို လက်ရှိချိန်ထိ ဆထက်တံပိုး သုံးစွဲနေကြလို့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ပိုမိုကျယ်ပြန့်လာဖို့သာရှိပါတယ်။ နှစ်စဉ် ခြောက်ဆွဲခြောက် ထုတ်လုပ်တင်သွင်းမှုကနေ ဝင်ငွေ ဒေါ်လာ ဘီလီယံချီပြီးရရှိနေကြတယ်။ ကမ္ဘာတဝှမ်း နှစ်စဉ်ခေါက်ဆွဲခြောက်ထုပ်ပေါင်း ၉၅ဘီလီယံလောက် သုံးစွဲကြတယ်လို့ ကိန်းဂဏာန်းတွေက ဖော်ပြကြတယ်။ စားသုံးသူတွေအနက် ၄၅ရာခိုင်နှုန်းခန့်ဟာ  တရုတ်နိုင်ငံက ဖြစ်တယ်။ ကမ္ဘာမှာ ခေါက်ဆွဲခြောက်ထုပ်လုပ်မှု အများဆုံးနိုင်ငံဟာလည်း တရုတ်နိုင်ငံပဲ ဖြစ်တယ်။အိမ်နီးချင်းဖြစ်လို့ မြန်မာတွေလည်း ခေါက်ဆွဲခြောက်နဲ့ မကင်းနိုင်ဘူး။ အရှေ့တိုင်းသာမက အနောက်တိုင်းမှာလည်း အလားတူစားသုံးနေကြတယ်။ ပြင်ဆင်၊ချက်ပြုတ်ရန် အချိန်ရှားပါးနေတဲ့ ဒီနေ့ခေတ်မှာ အသင့်စား ခေါက်ဆွဲခြောက်တွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်သွားဖို့မရှိဘဲ တိုးတက်လာဖို့သာရှိပါတယ်။ ဘယ်လိုပဲဆိုဆို ဂျပန်တွေ ကြွေးကြော်ခဲ့သလို ၂၀ရာစုအတွက်သာမက ၂၁ရာစုအတွက်ပါ အကျိုးသက်ရောက်နိုင်မလား ဆက်လက်စောင့်ကြည့်ဖို့တော့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၃.၁.၁၄)

No comments:

Post a Comment