Friday, November 28, 2014

လေးဖက်နာပိုး စစ်ခြင်း

ASOစစ်တာကို မြန်မာတွေအလွယ်ခေါ်တော့ လေးဖက်နာပိုးတဲ့။ တကယ်က ပိုးကိုစစ်တာမဟုတ်ပါဘူး။ အင်တီဘော်ဒီ ဓာတ်ကို စစ်တာ။ ဆေးစာလိုရေးတော့ ASOစစ်တာလို့ အလွယ်ခေါ်တယ် ရေးတယ်။ ASOဆိုတာ Anti-Streptolysin Oဆိုတာကို အတိုကောက်ခေါ်ဝေါ်တာပါ။ Streptolysin Oဆိုတဲ့ အင်တီဂျင်ကို တိုက်တဲ့ အင်တီဘော်ဒီကို ASOလို့ ခေါ်ပါတယ်။ ASOက လေးဖက်နာအဖျားရောဂါ(acute rheumatic fever)ရဲ့ ၈၅ရာခိုင်နှုန်းမှာ တက်နေတတ်တယ်။တနည်းအားဖြင့် လေးဖက်နာပိုးဝင်သူရဲ့ ၁၅-၂၀ရာခိုင်နှုန်းဟာ ASO titerတက်မှာ မဟုတ်ဘူး။ ဆိုလိုချင်တာက လေးဖက်နာအဖျားရှိသူ ၅ယောက်မှာ လေးယောက်ပဲ ASO တက်နေတာတွေ့ရပါမယ်။  
ဒါ့ကြောင့် အဖြေက ပုံမှန်ထဲရောက်နေရင်တောင် လေးဖက်နာ အဖျားကို ပြစ်ပယ်လို့ မရနိုင်ဘူး။နောက်ပြီး သွေးစစ်တဲ့အချိန်လည်း အရေးကြီးပါတယ်။ ASO အင်တီဘော်ဒီက streptococcus ပိုးဝင်ပြီး ၁ပတ်နေရင် စတက်တယ်။ ပိုးဝင်ပြီး ၁လကြာတဲ့အခါ အမြင့်ဆုံးရောက်လာတယ်။ တခါတက်ပြီး ၃-၆လ ကြာရင် ပုံမှန်levelအခြေကို ပြန်ရောက်သွားတယ်။ ရောဂါပိုးဝင်ဝင်ချင်းတက်မှာ မဟုတ်လို့ (-)ဆိုရင် ၂ပတ်ကြာတဲ့အခါ ထပ်စစ်သင့်တယ်။

ASOက ဘာတွေပြောလဲ
Titerတက်နေရင် အရင်က streptococcal ပိုးဝင်ဖူးတယ်လို့ သိရတယ်။
ASOက လည်ချောင်းပိုးဝင်တဲ့အခါ အရေပြားပိုးဝင်တာထက် ပိုမြှင့်နေတတ်တယ်။ ASO <200ဆိုရင် ပုံမှန်လို့သတ်မှတ်တယ်။ ASO>200ဆိုရင် များတယ်သတ်မှတ်တယ်။ နိုင်ငံ၊အသက်အရွယ်ပေါ်လိုက်ပြီး သတ်မှတ်ပုံမတူညီကြဘူး။ လူကြီးတွေမှာ ASO titer >250 todd unitရှိရင် များတယ်သတ်မှတ်တယ်။ ၅နှစ်အထက် ကလေးတွေမှာ ASO titer >333 todd unitရှိရင် များတယ်။ 

လေးဖက်နာ(Rheumatic) ဆိုတဲ့စကားလုံးကို ဆေးပညာဝေါဟာရမှာ တော်တော်များများ တွေ့ရပါတယ်။ရူမက်တစ်ဆိုတာ အကြော၊အဆစ်၊ကြွက်သားစတဲ့ တွယ်ဆက်တစ်ရှူးတွေ ရောင်ရမ်းမှုကြောင့် နာကျင်စေတဲ့အပြင် လှုပ်ရှားမှုကို ထိခိုက်စေတဲ့ သဘောမျိုးရှိပါတယ်။ လှုပ်ရှားသွားလာမှုကို ကန့်သတ်ပေးတယ်။ ဆေးပညာမှာ rheumatology ဆိုပြီး သီးသန့်ဘာသာရပ်ခွဲကို ရှိသေးတယ်။ autoimmuneခေါ်တဲ့ ခုခံအားအချင်းချင်းပြန်တိုက်တဲ့ ရောဂါတွေကိုပါ လေ့လာရတယ်။ဒါ့ကြောင့် ရူမက်တစ်နဲ့ ပက်သတ်တဲ့ ရောဂါတွေမနည်းလှသလို စိတ်ရှုပ်စရာလဲကောင်းပါတယ်။ ရောဂါတွေဘယ်လိုများပေမယ့် rheumatic နဲ့ ပတ်သက်တဲ့ အဓိကအချက်နှစ်ချက်က တူညီကြတယ်။ ပထမအချက်က နာကျင်မှုဟာ မကြာခဏ ပြန်ဖြစ်တတ်တယ်။ဒုတိယအချက်က ကုသရခက်ခဲတတ်တယ်။ရူမက်တစ်ခေါင်းစဉ်အောက်က ရောဂါ တော်တော်များများမှာ ဒီအချက်တွေ သွားတူတာတွေ့ရတယ်။ နောက်သီအိုရီတခုက rheumatic ရောဂါတွေဟာ လေထုအပြောင်းအလဲနဲ့ သက်ဆိုင်နေတတ်ပြန်တယ်။ပတ်ဝန်းကျင်ရုတ်တရက်အေးလာတဲ့အခါ လေထုဖိအားရုတ်တရက် ကျဆင်းတာကြောင့် ပိုမိုနာကျင်လာတတ်တယ်။အထူးသဖြင့် မိုးတွင်းကာလတွေမှာပိုအဖြစ်များတယ်။ လက္ခဏာတွေကလည်း အရေးကြီးပါတယ်။

လေးဖက်နာနာမည်ခံထားတဲ့ ရောဂါအမျိုးမျိုးရှိပါတယ်။ ဒီထဲမှာ
လေးဖက်နာအဖျားရောဂါ(acute rheumatic fever)ကတော့ တွယ်ဆက်တစ်ရှူးတွေ ရောင်ရမ်း ပျက်ဆီးတဲ့ရောဂါတမျိုး ဖြစ်ပါတယ်။ နှလုံး၊အဆစ်၊သွေးကြောတွေ ရောင်ရမ်းပျက်ဆီးတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရင်ကဝင်လာတဲ့ streptococcus ပိုးကို ခန္ဓာကိုယ်က ပြန်လည် တုံ့ပြန်တဲ့အခါ အဆိုပါတစ်ရှူးတွေကိုပါ မှားယွင်းတိုက်ခိုက်မိလို့ ဖြစ်ပါတယ်။ လေးဖက်နာပိုးစစ်တယ်ဆိုတာ ဒီအတွက်စစ်တာဖြစ်ပါတယ်။ 

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ASO စစ်ပြီး လေးဖက်နာရောဂါ မဟုတ်ပဲ မှားယွင်းပြီး ရောဂါအမည်တပ်တာမျိုး  ၆၄ရာခိုင်နှုန်းလောက် တွေ့ရတယ်လို့ အစီရင်ခံစာတခုမှာ ဖော်ပြထားတယ်။ လေးဖက်နာရောဂါကို ဆရာဝန်နဲ့ ကျွမ်းကျင်ပညာရှင်တွေကသာ အမည်တပ်ရတယ်။ ဖြစ်လာရင် သောက်ဆေး၊ထိုးဆေး လိုအပ်သလို ပေးပါမယ်။ ဖြစ်လာရင် ဆရာဝန်နဲ့ ပြပါ။ ရောဂါအမည်ကို ဆရာဝန်ကသာ တပ်ပါစေ။ လူနာအနေနဲ့ ဆရာဝန်ရဲ့ ကုသမှုအတိုင်းသာ လိုက်နာသင့်တယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၄.၁၁.၁၄)

No comments:

Post a Comment